သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုအား ရုပ်သိမ်းခွင့် ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အမိန့် ပြင်ဆင်ချက် တင်သွင်းရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ယနေ့ ညွှန်ကြားလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းတရားလွှတ်တော်သို့ ‘စွဲချက်မတင်မီ လွှတ်သည့် အမိန့်ကို ပယ်ဖျက်ပေးရန်’ ပြင်ဆင် ချက်ကို ယနေ့ သို့မဟုတ် မနက်ဖြန်၌ တင်သွင်းမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေး က ဧရာဝတီ သို့ ပြောသည်။
ယင်းအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးက စွဲချက်မတင်မီ လွှတ်သည့်အမိန့် ချမှတ်ထားခြင်းဖြစ်၍ အရှေ့ပိုင်းခရိုင် တရားရုံး ၏ အမိန့်ကို ပယ်ဖျက်ပေးရန်နှင့် အမှုကို ဆက်လက် စစ်ဆေးရေး တိုင်းတရားလွှတ်တော်သို့ တင်ပြရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်းလည်း ၎င်း က ပြောပြသည်။
သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က) အရ အမှုရုပ်သိမ်း ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီးနောက် ဖမ်းဆီးခံထားရသူ ၃ ဦးလုံး ပြန်လည် လွတ်မြောက်လာခဲ့သည်။
ယင်းကဲ့သို့ ကြီးလေးသည့် လူသတ်မှု တခုအပေါ် တရားရုံးက ပြန်လည် ရုပ်သိမ်းခွင့်ပြုခဲ့ခြင်းကြောင့် ပြည်သူလူထုကြား ဝေဖန်ပြစ်တင်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ပြင်ဆင်ချက် တင်သွင်းရန် ညွှန်ကြားချက် ထွက် ပေါ် လာခြင်းလည်း ဖြစ်သည်။
အဆိုပါ အမှု အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကပါ စိစစ် မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဦးဇော်ဌေး၏ ပြောဆိုချက် အရ သိရသည်။
တိုင်းဒေသကြီး တရားလွှတ်တော်မှ ပြင်ဆင်ချက် တင်သွင်းသည်ကို လက်ခံလျှင် အမှုကို ဆက်လက် စစ်ဆေးရမည် ဖြစ်ပြီး တရားလိုပြသက်သေ ၂၂ ဦး ရှိသည့် အနက် ၁၄ ဦး ထွက်ဆိုချက် ပေးပြီးဖြစ်၍ ကျန်ရှိသည့် သက်သေ ၈ ဦးကို ဆက်လက် စစ်ဆေးရမည် ဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ဆက်ပေးလျက်ရှိသည့် သရုပ်ဆောင် အောင်ရဲထွေးသည် ဒီဇင် ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်း ရိုက် နှက် ခဲ့မှု ကြောင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန ၌ ဆေးကုသမှု ခံယူနေစဉ် ဇန်နဝါရီ ၂ ရက်က ကွယ်လွန်သွားခြင်း ဖြစ်သည်။