သတင်းတို

ကျေးရွာအုပ်ချုပ်ရေးမှူးတဦး တောဆင်ရိုင်း ထိန်းသိမ်းရေး သူရဲကောင်း ဆုချီးမြှင့်ခံရ

Want create site? Find Free WordPress Themes and plugins.

တောဆင်ရိုင်းများ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးတွင် တက်ကြွစွာပါဝင် လုပ်ဆောင်ခဲ့သည့် ဧရာဝတီတိုင်း ဒေသ ကြီး၊ ငပုတောမြို့နယ်မှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တဦးအား တောဆင်ရိုင်း ထိန်းသိမ်းရေး သူရဲကောင်းဆု ချီးမြှင့်ခဲ့ ကြောင်း သတင်း ရရှိသည်။

ငပုတောမြို့နယ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည့် မြန်မာ့ တောဆင်ရိုင်းများ ထိန်း သိမ်းရေး လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားသူများ ဂုဏ်ပြုဆုချီးမြင့်ပွဲ၌ ကမ္ဘာ့တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်း စောင့်ရှောက် ရေး ရန်ပုံငွေ အဖွဲ့ (WWF) နှင့် မြန်မာနိုင်ငံမှ တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေး မိတ်ဆွေများ အသင်း ( FOW) တို့မှ ဆင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သူများအား ဆုအသီးသီး ချီးမြှင့်ခြင်း ဖြစ်သည်

တောဆင်ရိုင်း ထိမ်းသိမ်းရေး သူရဲကောင်းဆု ရရှိသူမှာ တင်းချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုကျော်မြင့်ထွန်း (ခ) ကိုထွန်းလေး ဖြစ်ပြီး ဆင်သတ် မုဆိုးများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဖမ်းဆီးခြင်း၊ တောဆင်ရိုင်းများ ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းများအား စေတနာ့ဝန်ထမ်း အဖြစ် နှစ်ပေါင်းများစွာ ပါဝင် လုပ်ဆောင်ခဲ့သည့် အတွက် ယခုလို ဆုချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးကျော်မြင့်ထွန်းက “ကျနော်တို့ အဘိုးတွေ၊ အဖေတွေက ကိုယ်ပိုင်ဆင်တွေ ရှိကြတဲ့ ဆင်ဦးစီးတွေ၊ ဆင်ပိုင်တွေပါ။ အဲဒီ တော့ ကျနော် ငယ် ငယ်ကတည်းက ဆင်တွေနဲ့ ထိတွေ့နေတော့ တောတောင် သဘာဝတရားအတွက် ဆင်တွေဟာ ဘယ်လောက် အသုံးဝင်တယ် ဆိုတာ သိတယ်။ အခု နောက်ပိုင်းမှာ တောဆင်ရိုင်းတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်ဆောင်လာကြပြီး ဆင်တွေ သေတာ မြင်ရတော့ ကျနော် စိတ်မကောင်းဘူး။ ဒါကြောင့် တောဆင်ရိုင်း ထိန်းသိမ်းရေး လုပ်ငန်းတွေကို အပင်ပန်းခံပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ထို့ပြင် ငပုတောမြို့နယ်အတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု လျော့ကျစေရန် ဆောင်ရွက်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၊ သစ်တော ဝန်ထမ်းများနှင့် သစ်တော ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၁၈ ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆုများ အသီး သီး ပေးအပ် ချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဝင်းနှင့် မြို့နယ် သစ်တော ဦးစီးမှူး ဦးပြည့်ဖြိုးအောင်တို့ တက်ရောက်ကာ တောဆင်ရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading