ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်း မှတ်ပုံတင်ပြုလုပ်ရာတွင် လာဘ်ငွေတောင်းခံခဲ့သည့် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိတဦးအား မိုးညိုမြို့မရဲစခန်းတွင် ယနေ့အမှုဖွင့် လိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။
ဦးစီးအရာရှိဖြစ်သူ ဦးဇော်မိုးအနေဖြင့် မိုးညိုမြို့နယ်၊ လ.ဝ.က ဦးစီးမှူးတာဝန်ထမ်းဆောင်စဉ် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားပြုလုပ်သူများထံမှ ကျပ် ၁၄၀၀၀၀ နှင့် ကျပ် ၁၉၀၀၀ တန် အရက်တလုံး တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ဆိုထားသည်။
ကျေးရွာနယ်မြေခံ သတင်းများအရလည်း ၎င်းအနေဖြင့် ငွေကြေးမရပါက အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲလေ့ရှိပြီး ငွေကြေးပေးမှသာ ဆောင်ရွက်လေ့ရှိကြောင်း ပေါ်ပေါက်သဖြင့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကော်မရှင်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့ကလည်း အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း ၁၂ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ထားသည်။