တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းရှိ ရှင်ကိုးရှင် သမိုင်းဝင် ဘုရားတဆူဖြစ်သည့် ရှင်မော်ဘုရား တောင် ကုန်းတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ မြေပြိုမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယင်းနေရာသို့ တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ သွားရောက်ကာ ထပ်မံပြိုကျမှု မဖြစ်ပွားစေရေး ဆောင်ရွက်လျက်ရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဧရာဝတီသို့ ပြောသည်။
“လောလောဆယ်တော့ နောက်ထပ် မပြိုအောင် စီစဉ်ထားတယ်။ တချို့သစ်ပင်အကိုင်းအခက်တွေလည်း ခြွေထားတယ်။ ပညာရှင်ခေါ်ပြီး ဘာလုပ်ဖို့ လိုမလဲဆိုတာ ဆွေးနွေးသွားမယ်” ဟု ၎င်းက ရှင်းပြသည်။
ဘုရားတောင်ကုန်း၏ အရှေ့ဘက် မြေဧရိယာ အကျယ် ပေ ၆၀ ခန့် ပြိုကျခဲ့ပြီး သံဃာနားနေဆောင်နှင့် ဂေါပရုံးခန်းသည် ပြိုကျနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ရှင်မော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဖေအောင်က ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနသို့ အတည်ပြု ပြောဆိုထားသည်။
“မိုးရေချိန်များတော့ မြေကြီးထဲ ရေအများကြီးစိမ့်သွားတဲ့အခါ အောက်မှာ ချောက်ကပါးကြီးရှိတာကိုး။ အဲဒါ ဆွဲချသွားတာ ပေါ့” ဟု ပြိုကျမှုဖြစ်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
ထားဝယ်ဒေသ၏ နာမည်ကျော် သမိုင်းဝင် ရှင်ကိုးရှင်မှာ ရှင်တောက်ထိန်၊ ရှင်မုတ္ထီး၊ ရှင်ဇလွန်၊ ရှင်ပင်ခရု၊ ရှင်ဓာတ်ဝဲ၊ ရှင် တောင့်ပုံ၊ ရှင်ဥသြ၊ ရှင်ဆံတော်နှင့် ရှင်မော်တို့ ဖြစ်သည်။