သတင်းတို

အောင်ရဲထွေး အမှု ပြန်လွတ်သွားသူ ၃ ဦးကို ဆင့်ခေါ်စာ ပေးပို့

Want create site? Find Free WordPress Themes and plugins.

ရုပ်သိမ်းခဲ့သည့် သရုပ်ဆောင် အောင်ရဲထွေးအမှုအား ပြန်လည် ကြားနာရန် လူသတ်မှု သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ ၃ ဦး ထံ ဇူလိုင် ၃၁ ရက်က ဆင့်ခေါ်စာ ပေးပို့ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှ သိရသည်။

အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က)အရ အမှုရုပ်သိမ်းကြောင်း ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးက ဇူလိုင် ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီးနောက် ဖမ်းဆီးခံထားရသူ ၃ ဦးလုံး ပြန်လည် လွတ် မြောက်လာခဲ့သည်။

ယင်းသို့ ရုပ်သိမ်းခွင့်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အမိန့်ပြင်ဆင်ချက် တင်သွင်းရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်း ဒေသကြီး ဥပဒေချုပ်ထံ ဇူလိုင် ၃၀ ရက်တွင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုနေ့တွင်ပင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ လျှောက်ထားမှုကို တိုင်းဒေသကြီး တရားလွှတ်တော်၏ ရာဇဝတ် ဆိုင်ရာ ပြင်ဆင်မှု အမှတ် ၂၉၆(ခ) ၂၀၁၈ ဖြင့် အမှုဖွင့်အရေးယူကာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးအောင်နိုင် က အမှုလက်ခံခဲ့ကြောင်း တိုင်းတရားလွှတ်တော်မှ သတင်းနှင့် ပြန်ကြားရေး အရာရှိ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦး က ဧရာဝတီကို ပြောသည်။

“အမှုလက်ခံပြီးသွားပြီ ဆိုရင် အမိန့်ချတဲ့ ခရိုင်တရားရုံးရဲ့ အမှုကို တောင်းခေါ်မယ်။ လျှောက်ထားခံရသူ ၃ ဦးကို ဆင့်ခေါ် မယ်။ ဆင့်ခေါ်ပြီးသွားရင် အမှုတွဲလည်း ရောက်မယ်။ လျှောက်ထားခံရသူ ၃ ယောက်ရဲ့ ဆင့်စာလည်း အတည်ဖြစ်တယ် ဆိုရင် လျာထားရေးလို့ ခေါ်တယ်။ အမှုတွဲကို ဘယ်နေ့ လျှောက်လဲချက် ကြားနာဖို့ဆိုပြီး ကြားနာရေး လျာထားမယ်”ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက လျှောက်လဲချက် ကြားနာရန် လျာထားမည့်ရက်ကို တိုင်းလွှတ်တော်၏ လူမှုကွန်ရက်စာမျက်နှင့် ကြော်ငြာ သင်ပုန်းများတွင် ၃ ပတ်ကြိုတင်၍ ကြေညာပေးမည် ဖြစ်ကြောင်း၊ လျှောက်ထားခံရသူ (သံသယ တရားခံ)များထံ ၃၁ ရက် ရက်စွဲဖြင့် ဆင့်ခေါ်စာများ ထွက်သွားပြီ ဖြစ်၍ တပတ်ခန့် အကြာ၌ ယင်းဆင့်ခေါ်စာများ အတည် ဖြစ်မဖြစ်ကို သိ ရှိရမည်ဖြစ်ကြောင်း ပြောဆိုသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ဆင်ပေးလျက်ရှိသည့် သရုပ်ဆောင် အောင်ရဲထွေးသည် ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်းရိုက် နှက်ခဲ့မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ ဆေးကုသမှု ခံယူနေစဉ် ဇန်နဝါရီ ၂ ရက်က ကွယ်လွန်သွားခြင်း ဖြစ်သည်။

ယင်းအမှုမှ ပြန်လည်လွတ်မြောက်လာသူ ၃ ဦးသည် ပြည်ပသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက် ရှိသော်လည်း ယနေ့ချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုသတင်းနှင့် ပတ်သက်၍ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “၎င်းတို့ မရှိတော့ဘူးဆိုပါက အစိုးရ အနေဖြင့် နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုများကတဆင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဇူလိုင် ၃၀ ရက်တွင် ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading