ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ၎င်းတို့ ရရှိသည့် တနေ့တာ နေ့တွက်စရိတ် စုစုပေါင်း ကျပ် သိန်း ၆၀၀ ကျော်ကို ရေးဘေး ဒုက္ခ ကြုံနေရသော ပြည်သူများ အတွက် လှူဒါန်း ကြောင်း သိရသည်။
သြဂုတ်လ ၂ ရက်က ကျင်းပသည့် ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး၊ စတုတ္ထ မြောက်နေ့တွင် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးစလုံးက လွှတ်တော်၏ သဘောထားကို ရယူခဲ့ကာ လွှတ်တော် အတွင်း ကြေညာ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျပ်သိန်း ၆၀၀ ကျော် အနက် ကျပ်သိန်း ၂၀၀ ကို ပြည်သူ့ လွှတ်တော်မှ လှူဒါန်းခြင်း ဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များ၏ တရက်တာ နေ့တွက် စရိတ်ငွေ ကျပ် ၈၅ သိန်း ၈ သောင်းကျပ်နှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၏ လက်ဆောင် ပေးခြင်း နှင့် အလှူ ဒါန ခေါင်းစဉ်အောက်မှ ကျပ် ၁၁၄ သိန်း ၂ သောင်းကျပ် တို့ကို စုပေါင်း လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အမျိုးသားလွှတ်တော်၏ ထည့်ဝင် အလှူငွေများနှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက မြန်မာနိုင်ငံ တဝန်းလုံးရှိ ရေဘေး သင့် ပြည်သူများ အတွက် စာနာမှု အနေနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၏ တနေ့တာ နေ့တွက် စရိတ် ကျပ် ၂ သောင်း စီထည့် ဝင် လှူဒါန်းခဲ့ပြီး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၂၃ ဦး၏ စုစုပေါင်း နေ့တွက်စရိတ် ကျပ် သိန်း ၄၀၀ ကျော် (၄၄၆, ၀၀၀၀ သိန်း) ၊ လွှတ်တော်၂ ရပ် ပေါင်း ကျပ်သိန်း ၆၀၀ ကျော်ကို သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဗဟိုသို့ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဦးက “ဒီကော်မတီကို အပ်လိုက်ရင် ဒါပိုပြီးတော့ လွမ်းခြုံမှု ဖြစ်မယ်ဆိုပြီး နယ်မြေဒေသ မရွေးဘဲနဲ့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဗဟိုကို ဒီနေ့ လှူဒါန်း လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က “ဒီငွေပမာဏလောက်နဲ့တော့ မလောက်ပါဘူး။ ဖြစ်တဲ့ နေရာက အများကြီး ဆိုတော့လေ။ လူမှု ကယ်ဆယ်ရေး ကလည်း အကုန် မတတ်နိုင်ဘူးလေ”ဟု ဧရာဝတီ သို့ ပြောသည်။
ဇူလိုင်လ နောက်ဆုံးအပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် ရေဘေးဒုက္ခ အများဆုံး ကြုံတွေ့နေရခြင်း ဖြစ် သည်။