စစ်ကိုင်းတိုင်း ဒေသကြီး၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်း မီးလောင်မှု အကြိမ်ရေ ၁၉၃ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင် မှု ကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၇၉၃ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးက ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံး အတွင်း၌ ဇူလိုင်လ ၁၈ ရက်က ကျင်းပသည့် တိုင်းအစိုးရအဖွဲ့ ဒုတိယ ၁ နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သော သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးစိုးဦးက “တိုင်းအတွင်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားရတာတွေက မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ တောမီး၊ အလိုအလျောက် မီးလောင်ကျွမ်းခြင်းတို့ ဖြစ်တယ်။ ပေါ့ဆမီးနဲ့ မီးဖိုမီးကြောင့် လောင်ကျွမ်းရတာက မီးလောင်မှု အများဆုံး နဲ့ ဆုံးရှုံးမှု တန်ဖိုးလည်း အများဆုံး ဖြစ်တယ်။ ဒီနှစ်က မနှစ်ကထက် ၁၃ ကြိမ်ပိုခဲ့ပြီး ကျပ်သိန်းပေါင်း ၄၄၀ လောက် ဆုံး ရှုံးမှု ပိုခဲ့ပါတယ်” ဟု ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်းက စစ်ကိုင်းတိုင်း၌ မီးလောင်မှု အကြိမ်ရေ ၁၈၀ ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ဆုံးရှုံး မှု တန်ဖိုး ကျပ် ၁၃၅၄ သိန်း ကျော်ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထား သည်။
စစ်ကိုင်းတိုင်း အတွင်း ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ၊ နိုဝင်ဘာလအတွင်း မီးလောင်မှု အကြိမ်ရေ အများဆုံးဖြစ်ပြီး မီးလောင် မှု များမှာ ပေါ့ဆမီးနှင့် လျှပ်စစ်ကြောင့် လောင်ကျွမ်းရမှု အများဆုံးဟု သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူးက “မီးသတ်တပ်ဖွဲ့ အနေနဲ့ မီးလောင်မှု ဖြစ်စဉ်တွေကို သတင်း ရရှိတာနဲ့ အနီးဆုံး မီးသတ်တပ်ဖွဲ့က အရင်ဆုံးရောက်ရှိအောင် သွားရောက် ငြိမ်းသတ်ပေးတယ်။ မီးလောင်ပြင်ကို ရောက် ရှိနေတဲ့ မီးငြိမ်းသတ်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ Mobile IP camera ကတဆင့် မီးလောင်ပြင် အခြေအနေကို မီးသတ် တပ်ဖွဲ့ဌာနချုပ် Command and Control Center ကနေ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် တိုက်ရိုက် ကွပ်ကဲမှုတွေ လုပ် ဆောင် ပေးနေပါတယ်” ဟု ပြောသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေး အတွက် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများအဖြစ် အထပ်မြင့် အဆောက်အအုံ ၇၃ လုံးအား စစ်ဆေးချက် ပေးနိုင်ခြင်း၊ ကာရာအိုကေဆိုင် ၄၇ ဆိုင်အား မီးဘေးလုံခြုံမှု စစ်ဆေးပေးနိုင်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၃၅ ဖွဲ့ လူဦးရေ ၁၃၀၀ ကျော်ဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း ၅၁ ကြိမ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၂၃၀၀ ဒသမ ၂၉၀ ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန အနေဖြင့် မြို့နယ် မီးသတ်စခန်း တခု၊ ဝန်ထမ်းနေအိမ်ပါ နယ်မြေ မီးသတ်စခန်း ၆ လုံးနှင့် ဝန်ထမ်းနေအိမ် ၃လုံး ဆောက်လုပ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။