မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တပတ်ကျော်ကြာ မြင့်တက်ခဲ့သည့် ဒုံသမိချောင်းရေမှာ ယနေ့ တွင် ပြန်လည် ကျဆင်းလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဒုံသမိချောင်း၏ စိုးရိမ်ရေ အမှတ်မှာ ၁၄ ပေ ဖြစ်ပြီး ဇူလိုင်လကုန်ပိုင်း၌ စိုးရိမ်ရေမှတ် နီးပါး ရေတက်ခဲ့ကာ ယခု သြဂုတ်လ ၆ ရက်တွင်မူ ၁၁ ပေခန့်ထိ ပြန်လည် ကျဆင်းသွားကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဧရာဝတီကို ပြောသည်။
“ရေက ၃၊ ၄ ပေလောက် ပြန်ကျသွားပြီ။ အခုက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေတော့ စတင်နေပါပြီ” ဟု ၎င်းက ဆိုသည်။
ဇူလိုင်လ ၂၅ ရက်၌ ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် သထုံမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၈ စုမှ ကျေးရွာပေါင်း ၃၀ ကျော် ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကာ ရေဘေးသင့်ပြည်သူ ၁ သောင်းခွဲထိ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိ၌ ရေပြန်ကျသွားပြီဖြစ်၍ လှေဖြင့်သွားလာခဲ့ရသည့် အချို့ကျေးရွာများနှင့် ကားလမ်းများမှာလည်း ပြန်လည် သွား လာနိုင်ပြီ ဖြစ်ကြောင်း ဒေသခံများထံက ဆိုသည်။
ဒလဗန်ကျေးရွာမှ ခွန်ထွန်းအောင်က “ရေက ခါတိုင်း နှစ်ထက် ပိုပြီးတော့ မထင်မှတ်ဘဲနဲ့ကို အများကြီး တက်သွားတယ်။ ဒလဗန်ရွာဆို အိမ်ခြေက ၂၁၀ လောက်ရှိတယ်။ ၂၇ အိမ်လောက်ပဲ ရေမမြုပ်ဘဲ ကျန်တယ်။ ဒီနေ့ကတော့ ရေထပ်ကျ လာပါတယ်” ဟု ပြောသည်။
ရေပြန်လည် ကျဆင်းလာပြီ ဖြစ်သော်လည်း ကျေးရွာအားလုံး ရေလွှမ်းမိုးမှု ကင်းလွတ်သွားသည့် အနေအထား မဟုတ် သေးသဖြင့် ရေနစ်မြုပ်မှု ရှိနေသေးသည့် ကျေးရွာများ အတွက် ဆန်၊ ငါးသေတ္တာ စသည့် စားနပ်ရိက္ခာခြောက်များကို ပို့ ဆောင်ပေးနေရကြောင်း သထုံမြို့နယ် ရေဘေးကယ်ဆယ်ရေး ရှေ့တန်း ကွပ်ကဲရေးရုံး တာဝန်ခံ ဦးရဲမြင့်က ပြောဆို သည်။
ရေပြန်လည် ကျသော ကျေးရွာ စာရင်းများနှင့် ရေလွှမ်းမိုးမှု အခြေအနေ စာရင်းများကို ပြန်လည် စိစစ်ပြီးနောက် နေအိမ် ပြန်လို့ရသည့် သူများအတွက် ရေဘေး ကယ်ဆယ်ရေး စခန်းများကို ပြန်လည် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သထုံမြို့ နယ် မဲဆန္ဒ နယ် မြေ အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က ဆိုသည်။
“သူတို့ ပျက်သွားတဲ့ အိမ်တွေကို ပြန်လုပ်ပေးရမယ်။ နောက်ပြီးတော့ ပျက်စီးသွားတဲ့ ရေတွင်း ရေကန်တွေကို ရေစုပ်စက် တွေနဲ့ စုပ်ပြီးတော့ ပြန်လုပ်ပေးရမယ်။ အိမ်သာတွေ ပြန်ဆောက်ပေးရမှာပေါ့။ လိုအပ်တာတွေကိုတော့ ပြည်နယ်အစိုးရက ထောက်ပံ့ပေးမယ်လို့ ကတိရထားရှိတယ်” ဟု ၎င်းက ပြောသည်။