WY စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ပြားကို ထိုင်းနိုင်ငံလုပ် ဆပ်ပြာမုန့်နှင့် မုန့်ချပ် စသည့်ကုန်ပစ္စည်းများနှင့် ရောနှောထုတ်ပိုး၍ သယ်ဆောင်လာသူနှစ်ဦးကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှ မိုးကောင်းကင် လက်ဖက်ရည်ဆိုင်တွင် သြဂုတ် ၅ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သထုံခရိုင် မှုခင်းနှိမ်နင်းရေးခေါင်းဆောင် ရဲအုပ် အောင်သူ ပါဝင်သောအဖွဲ့၊ ပြည်နယ်မူခင်းအကူဌာနမှ ရဲတပ်ကြပ်ကြီး အေးမင်းထွန်းနှင့် ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး ကျော်စိုးမိုးတို့အဖွဲ့က မူးယစ်ဆေးဝါးသတင်းများအရ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်၊ ကျွန်းတော ၂ လမ်းနေတွင် နေထိုင်သူများဖြစ်ကြသည့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ ဦးမင်းမင်း ၃၈ နှစ် နှင့် ဦးနိုင်ထူး ၃၃ နှစ် တို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြားနှင့် အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီထည့်ထားသည့် အပြာရောင် ကပ်ခွာအိတ် ၅ အိတ်ကို ယိုးဒယား (ထိုင်း) ဆပ်ပြားမှုန့်ထဲ ရောနှော၍လည်းကောင်း၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြားနှင့် အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီထည့်ထားသည့် အပြာရောင်ကပ်ခွာအိတ် ၂ အိတ် ကို ယိုးဒယား (ထိုင်း) မုန့်ချပ်များနှင့် ရောနှော၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပြည်နယ်မှုခင်းအကူဌာနမှ ရဲတပ်ကြပ်ကြီး အေးမင်းထွန်းက ဆိုသည်။
စိတ်ကြွးရူးသွပ်ဆေးပြားများနှင့်အတူ အဖမ်းခံရသည့် ဦးမင်းမင်းနှင့် ဦးနိုင်ထူးတို့ကို ကျိုက်ထိုမြို့မရဲစခန်းတွင် မယ (ပ) ၁၁/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်။