မြန်မာနိုင်ငံ အတွင်း လယ်ယာ၊ ဥယျာဉ်ခြံမြေ များကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေမှုများကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအစဉ်တခု အလျင်အမြန် ရေးဆွဲပြဋ္ဌာန်းရန် ဆွေးနွေးမည့် အဆိုကို လွှတ်တော်က သဘောတူလိုက်ကြောင်း သိရသည်။
သြဂုတ် ၆ ရက်က ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် နဝမအကြိမ် ပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ယင်းအဆိုကို တင်သွင်းခြင်း ဖြစ် သည်။
လယ်ယာ ဥယျာဉ်ခြံမြေများကို အကွက်ရိုက် ရောင်စားနေခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာ ခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများ၌ နောင်တချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံး ကုန်ခြင်း စသည်တို့နှင့် အဓိက သက်ဆိုင်သော စီမဲခန့်ခွဲမှု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်တို့၏ လျော့ရဲပြီး အဂတိ မကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေး နိုင်မည့် အစီအမံတခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင် အထည်ဖော်ပေးရန် ၎င်းက တင်သွင်းခဲ့သည်။
ဦးမျိုးဝင်းက “ဒီအဆိုကို တင်သွင်းဖို့ ကြိုးစားလာခဲ့တာ ဘာကြောင့်လဲ ဆိုတော့ မြေယာ စီမံခန့်ခွဲမှု အလွဲတွေက အများ ကြီးပဲ” ဟု လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။
တိုင်းဒေသကြီး ပြည်နယ်များတွင် မြေယာများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှု အပိုင်း၌ အလွဲအမှား များစွာ ရှိနေကြောင်း၊ ယင်း သို့ ကိုင်တွယ် ဖြေရှင်းပေးသည့် အဖွဲ့တွင် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင် ပတ်သက်ခွင့်မရှိဘဲ ထွေအုပ်၊ မြေစာရင်း ဌာန၊ အခွန်ဦးစီးဌာနနှင့် စည်ပင်ဌာနမှ သက်ဆိုင်ရာ ဝန်ထမ်းများနှင့်သာ ကိုင်တွယ်နေကြကြောင်း ၎င်း၏ အဆို၌ ထည့် သွင်း ပြောဆိုသည်။
ထို့ပြင် ယခုကဲ့သို့ အကွက်ဖော် ရောင်းစားနေမှုများကို ကိုင်တွယ်ဖြေရှင်းမှု မပြုလုပ်ဘဲ ဆက်သွားနေမည် ဆိုပါက နောင် တချိန်တွင် စိုက်ပျိုးရေး ထွက်ကုန်များ၏ စီးပွားရေးကိုပါ ထိခိုက်လာနိုင်ကြောင်း အဆိုရှင်က ဆွေးနွေးသွားသည်။
ဆက်လက်၍ ဦးမျိုးဝင်းက စီမံခန့်ခွဲခွင့် တာဝန်ကို ယူထားကြသူများ ကိုယ်တိုင်က လုပ်ပိုင်ခွင့်များကို အလွဲသုံးစား၊ ကိုယ် ကျိုးရှာခဲ့သည့် အတွက် ပရမ်းပတာ ဖြစ်နေသည့် မြို့ပြ လူနေ စနစ်များ၊ စည်းစနစ် မရှိသည့် လူနေကွက်သစ်များ ထိန်းမ နိုင် သိမ်းမရ ဖြစ်ခဲ့ရသည့် အမွေကို ဆက်ခံခဲ့ရကြောင်း ဆိုသည်။
မကွေးတိုင်း ဒေသကြီး အမှတ် ၂ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်းက “၂၁ ပင်လုံ တတိယ အစည်း အဝေးမှာ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ အခြေခံမူထဲမှာ မြေယာကို အသုံးပြု၍ စီမံကိန်း လုပ်ငန်း အမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာ၊ လူမှုရေး ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ ဒေသခံ ပြည်သူလူထုနှင့် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည် ဆိုတာကို လက်မှတ်ထိုးပြီး ဖြစ်ပါတယ်။ ဒီလက်မှတ်ထိုးပြီးတဲ့ မူကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဆိုရင် ဒီအဆိုကို ထောက်ခံပါတယ်” ဟု လွှတ်တော်၌ ဆွေးနွေးသွားသည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့် ဒေသကြီး အသီးသီးတို့၌ လယ်ယာမြေများကို အကွက်ရိုက်ကာ ဧကအလိုက်ဖြစ်စေ၊ ပေ ၄၀ ၊ ၆၀ ပေ ဖြစ်စေ အကွက်များ ရိုက်၍ ရောင်းချမှုများ ရှိနေပြီး ထိုအကွက်များကို ဝယ်ယူရာ၌လည်း ပိုင်ဆိုင်မှု စာရွက်စာတမ်း ပြည့်စုံမှု မရှိသော်လည်း ဈေးနှုန်းမှာသက်သာနေသဖြင့် စိတ်ဝင်တစား ဝယ်ယူသူများလည်း ရှိကြောင်း မြေကွက် ဝယ် ယူထားသူများက ပြောသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက “ဒါတွေကို ခရိုင် အုပ်ချုပ်ရေးနဲ့ အထက်ကပဲ လုပ်ပိုင်ခွင့် ရှိခဲ့တာ။ အုပ်ချုပ်ရေး အပိုင်းကပေါ့။ သူတို့တွေက ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ မထိန်းကျောင်းတာကြောင့် ဒီလို ပြဿနာတက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အထက်ပါ အဆိုနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော်၌ ဆွေးနွေးရန် သင့်မသင့်ကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ က မေးမြန်းရာ ကန့်ကွက်သူ မရှိသည့် အတွက် အဆိုကို လက်ခံ ဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။