၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းလိုမှုဖြင့် အစိုးရကို ဒုတိယ အကြိမ် ထပ်မံ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က သိရသည်။
၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့မှ ဥပဒေ အကြံပေး ဖြစ်သူ ဦးအောင်သူရ က “ကျနော်တို့က နိုင်ငံ တော်ကို စွဲရတာ။ အရင်ကတော့ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ ဦးထင်ကျော်ကို ဦးတည်ပြီး စွဲရတာ။ အခုတော့ ဦးဝင်းမြင့် ပေါ့။ တရား လွှတ်တော်ချုပ်ထိ သွားရမှာဆိုတော့ စာချွန်တော်တွေထိ သွားရမှာ” ပြောသည်။
၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့အနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေး အတွက် နိုင်ငံ တော် အစိုးရအား နေပြည်တော်၊ ဒက္ခိဏ ခရိုင် တရားရုံးတွင် လည်းကောင်း၊ မန္တလေးတိုင်း တရား လွှတ်တော်တွင်လည်း ကောင်း ၂၀၁၇ ဇူလိုင်လအတွင်းက တရားစွဲဆိုခဲ့ပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ တရားရုံး အသီးသီးမှ အမှုကို လက်မခံ ဘဲ ပြန်ပေးခဲ့သဖြင့် ဒုတိယ အကြိမ် ထပ်မံစွဲဆိုရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဒုတိယ အကြိမ် တရားစွဲဆိုမှုကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ (UNDO)၊ ပြည်ထောင်စု တောင်သူလယ်သမား တိုင်းရင်းသားအဖွဲ့၊ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး အဖွဲ့ အပါအဝင် ၁၅ ဖွဲ့က တရားလိုပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးအောင်သူရက “တချို့လည်း ဒီအပေါ်မှာ အငြင်းအခုံတွေ ရှိနေကြတယ်။ ဘယ်လို စွဲလိုက်တာလဲ။ စွဲလို့ရလား ဆိုတာ တွေပေါ့။ ကျနော်တို့က ဥပဒေနဲ့ အညီ စွဲလို့ရလို့ကို စွဲခဲ့တာ။ ဒါပေမယ့် အမှုတွဲကို လက်မခံဘဲ ပယ်ခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၅၇ အရ အခြေခံ ဥပဒေ အာဏာမတည်မီ အစိုးရနှင့် ချုပ်ဆိုခဲ့သော ပဋိညာဉ်များ နှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရကို တရားစွဲဆိုခွင့် ပြုထားကြောင်း၊ အစိုးရကလည်း နိုင်ငံတော် အမည်ဖြင့် တရားပြန် လည် စွဲဆိုနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလက်ထက်က လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာတွင် အမျိုးသား ညီလာခံ ခေါ်ယူကာ စတင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြင်ဆင်ရန် လှုပ်ရှားမှုများရှိခဲ့သလို ယခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် မတိုင်မီ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကာလတွင် NLD က ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရန် ကြိုးပမ်း မည်ဟု ပြောဆိုမှုများ ရှိခဲ့သည်။
၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့အား ၂၀၁၄ မတ်လ ၂၂ ရက်၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီ ခန်းမတွင် ကျင်းပခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှနေ၍ စတင်ဖွဲ့စည်းခဲ့သည်မှာ ၄ နှစ်ကျော်ပြီ ဖြစ်သည်။