ထိုင်းကြည်းတပ်အတွက် ၂၀၁၁ ခုနှစ်ကတည်းကမှာယူခဲ့သည့် ယူကရိန်းလုပ် Oplot T-84 အမျိုးအစား တင့်ကား ၄၉ စီးအနက် နောက်ဆုံးအသုတ် ၆စီးမှာ ရောက်ရှိလာပြီဖြစ်ကြောင်း Bangkok Post သတင်းက ဆိုသည်။
အဆိုပါတင့်ကားများကို ဇူလိုင်လ ၂၉ရက်နေ့က လွှဲပေးခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံအလယ်ပိုင်း ပရာချန်ဘူရီ ပြည်နယ်ရှိ ဒုတိယ ခြေလျင်တပ်မသို့ ပို့ဆောင်လိုက်ကြောင်း၊ စမ်းသပ်မောင်းနှင်မှုကို လာမည့်လ အစောပိုင်းတွင် လုပ်မည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလက ထိုင်းစစ်တပ် ကိုယ်စားလှယ်အဖွဲ့ ယူကရိန်းသို့ သွားရောက်ကာ နောက်ဆုံးအသုတ် တင့်ကားများအတွက် ရွေးချယ်၍ ငွေပေးခဲ့ကြောင်း၊ ယခုအခါ ထိုင်း အမှတ် ၁တပ်မတော်အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ကူကစ်ဆရီနာခါက စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုင်းကြည်းတပ်သည် ယူကရိန်းနိုင်ငံထံမှ အမေရိကန်ဒေါ်လာ သန်း၂၄၀(ထိုင်းဘတ် ၇.၂ ဘီလျှံ) တန်ဖိုးရှိ Oplot T-84 အမျိုးအစား တင့်ကား ၄၉ စီးမှာခဲ့ရာ ယူကရိန်းပြည်တွင်းစစ်ကြောင့် ကြန့်ကြာနေသည့်အတွက် ၂၀၁၅ခုနှစ်မှ စတင်ကာ တသုတ်ပြီး တသုတ် ပေးပို့ခဲ့ခြင်းဖြစ်သည်။