စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်း မြို့နယ်ရှိ နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ် စီမံကိန်း ကို မကြာခင် ဆောင်ရွက်တော့မည် ဖြစ်ပြီး စီမံကိန်းပြီးစီးပါက တနှစ်လ ျှင် လျှပ်စစ်ဓာတ်အား ၂ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးဌာန တိုင်းဦးစီးမှူး ဦးမျိုးသန့်ထွန်း က ပြောသည်။
အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း ဆောင်ရွက်နိုင်ရန် အတွက် မြေပြင် အခြေအနေ ကွင်းဆင်းကာ စူးစမ်း လေ့လာမှုများ ပြုလုပ်၍ အစီရင်ခံစာကို ပြည်ထောင်စု အဆင့်သို့ တင်ပြထားပြီး ယခုနှစ် အတွင်း စီမံကိန်း စတင်နိုင်ရန် မျှော်မှန်းထား ကြောင်း ၎င်းက ဆိုသည်။
ဦးမျိုးသန့်ထွန်းက “စူးစမ်း လေ့လာထားတဲ့ အစီရင်ခံစာ အရ အကြမ်းဖျင်းတော့ လျှပ်စစ် ဓာတ်အားက ၂ မဂ္ဂါဝပ်လောက် ရရှိမှာ ဖြစ်ပါတယ်။ ၂ မဂ္ဂါဝပ်ကနေ နောက်တဆင့် ထပ်ပြီးတော့ လုပ်မယ်ဆိုရင် ပိုပြီး ထွက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။ ဘယ် လောက် ထွက်ရှိမလဲဆိုတဲ့ ပမာဏကတော့ ဆောင်ရွက်မယ့် Dam (ဆည်) ရဲ့ အမြင့်၊ ဒီဇိုင်းပေါ်မှာလည်း မူတည်မှာ ဖြစ်ပါတယ်။ Dam ကို ဆောင်ရွက်တဲ့အခါ သဘာဝ ပတ်ဝန်းကျင် ဆန်းစစ်လေ့လာခြင်း အပိုင်းကိုလည်း ထည့်သွင်း စဉ်း စားထားပါတယ်” ဟု ပြော သည်။
အဆိုပါ ရေအားလျှပ်စစ်မှ ထွက်ရှိသော ၂ မဂ္ဂါဝပ်မှာ အနီးအနားရှိ ကျေးရွာ ၃၀ ကျော် လျှပ်စစ် ဓာတ်အား ရရှိနိုင်မည် ဟု စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။
နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ် စီမံကိန်း ဆောင်ရွက်ရန် စူးစမ်းလေ့လာ တိုင်းတာခြင်း၊ ဒီဇိုင်းနှင့် ပုံထုတ်ခြင်း လုပ်ငန်းများကို၂၀၁၇- ၂၀၁၈ ခုနှစ်အတွင်းက စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ ထိုလုပ်ငန်းများအတွက် ငွေကျပ် ၃၄၇ ဒသမ ၅၀၄ သန်း ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွှန့်ဝင်း က “အသေး စား ရေအား လျှပ်စစ်စီမံကိန်း စူးစမ်းလေ့လာမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို လက်ရှိမှာ ပြည်ထောင်စုကို တင်ပြထားပြီး ခွင့်ပြုချက်ရပြီဆိုရင် ၂၀၂၀ မှာ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်း ပြီးသွားရင် ဟုမ္မလင်းနဲ့ အနီး ဝန်းကျင် ကျေးရွာတွေ လျှပ်စစ်မီး ရရှိကြမှာ ဖြစ်ပါတယ်” ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးနိုင်ရန်အတွက် နဘားခွဲရုံ တိုးချဲ့ တည်ဆောက်ခြင်း၊ ရွှေဘို ခွဲရုံအသစ် တည်ဆောက်ခြင်း၊ အုန်းတောခွဲရုံ တည်ဆောက်ခြင်း၊ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း ၁၈၀ မိုင် တည်ဆောက်ခြင်း စီမံကိန်းအား Central Chain Power Grid (CCPG)နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိ ကြောင်း တိုင်းအစိုးရ အဖွဲ့က သိရသည်။
စစ်ကိုင်းတိုင်း မီးလင်းရေး လုပ်ငန်းများအဖြစ် ၂၀၁၈ ခုနှစ်တွင် ဓာတ်အားခွဲရုံပေါင်း ၃၃၆၂ ရုံ၊ အသေး စား ရေအားလျှပ်စစ် စက်ရုံ ၃ ရုံနှင့် ဒီဇယ် ဓာတ်အားပေးစက် ၃၉ လုံးဖြင့် ဓာတ်အားပေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ရေအားဖြင့် စက်လုံးရေ ၈ လုံးဖြင့် ၁၇၀၀ ကီလိုဝပ်၊ ဒီဇယ်စက်လုံးရေ ၃၉ လုံးဖြင့် ၅၆၇၁ ကီလိုဝပ် ဖြန့်ဖြူးပေးနိုင်ခဲ့ရာ ဝင်ငွေ ကျပ်သန်း ၁၃၈ ဒသမ ၃၈၀ ရရှိခဲ့ကြောင်း တိုင်းအစိုးရ အဖွဲ့၏ စာရင်းများ၌ ဖော်ပြပါရှိသည်။