ဘုရားဖူးကား နောက်ပြန်လိမ့်ကျပြီး လူ ၁၇ ဦး ထိခိုက်ဒဏ်ရာရ
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဗောဓိတထောင်ဘုရားအတက်တွင် ဘုရားဖူးကားတစီး နောက်ပြန်လိမ့်ကျကာ တိမ်း မှောက်ခဲ့ပြီး လူ ၁၇ ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဗောဓိတထောင်ဘုရားသို့ သြဂုတ်လ(၁၁) ရက်နေ့နံနက် ၉ နာရီခန့်က လူ ၄၅ ဦးခန့်တင်ဆောင်လာသည့် ဘုရားဖူးယာဉ်သည် ယာဉ်ရပ်နားစခန်း အရောက် တောင်အဆင်းလမ်းတွင် တပတ်လည် လိမ့်ဆင်းကာ လမ်းဘေးသို့ တိမ်းမှောက်ခဲ့ပြီး ခရီးသယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်း ကိုအောင်ပြည့်စုံက “ကားကို အတက်အတိုင်း တက်လာပြီး ကလေးတွေလည်း ပါတော့ ရပ်နားစခန်းမှာ ကားကိုထိုးရပ်ပြီး ဘရိတ်မိတယ်။ စပယာက ဂျမ်းတုံးကိုခုတော့ခုတယ်။ နောက်ကို နည်းနည်းကွာနေပြီဆိုပြီး ဘရိတ်ကိုလွတ်လိုက်တော့ ပြန်ဆင်းကျသွားတယ် အကုန်လုံးပေါ့” ဟု ပြောသည်။
ကားမှာ CANTER ၁၀ ပေ အမျိုးအစား ဖြစ်ပြီး ဆင်းမြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာ ဒေသခံများက ဘုရားဖူးရန်အတွက် စုပေါင်းငှားရမ်းလာခြင်း ဖြစ်ကြောင်း ဒေသခံထံကပြောသည်။
ထိုကားဖြင့် လိုက်ပါလာသူ ကိုနိုင်လင်းအောင် က “တောက်လျှောက်ကို လှိမ့်ဆင်းသွားတာ ဘရိတ်လည်းမမိတော့ဘူး။ အောက်ရောက်သွားတော့ အပျော့ဘက် ခြမ်းအရောက် မှောက်တော့တာပဲ။ တစ်ယောက်မှအောက်ကိုမဆင်းရသေးဘူး။ ခေါင်းကွဲတဲ့သူလည်းကွဲပေါ့။ လက်ကျိုးတာတို့ ပွန်းပဲ့တာတွေဖြစ်တယ်။ တစ်ယောက်ဆို အခုချန်ထိသတိမရတော့ဘူး။ ကလေးတွေကတော့ ဘာမှမဖြစ်ဘူး လူကြီးတွေပါပဲ” ဟု ပြောသည်။
အဆိုပါထိခိုက်ဒဏ်ရာရသူများအား ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအဖွဲ့များက ပို့ဆောင်ပေးခဲ့ပြီး တပ်မတော်မှလည်းလာရောက်ကူညီပေးကြောင်း ခေါင်းပေါက်သူ၊ ရင်ဘတ်အောင့်၊ ပွန်းပဲ့၊ လက်ချိုးသည်ဟုယူဆရသူ စုစုပေါင်း ၁၇ ဦး ရှိကြောင်း တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။