မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လူတဦး အရက် အလွန်အကျွံသောက်ပြီး အရက်ကြောင်ကာ ဓားဖြင့်လိုက်လံ ခုတ်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) မြင့်ဝင်း က ပြောသည်။
ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်း ကျေးရွာအုပ်စု အရှေ့ဘက်ရှိ မာလာဖူး ကျေးရွာ အုပ်စု၌ ဦးဖားခေး (၄၅ နှစ်) သည် သြဂုတ် ၁၂ ရက်က ကျေးရွာ မူလွန် ကျောင်းလွှတ်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်၌ ကလေးများကို ဓားဖြင့် လိုက်လံခုတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများ၌ ဖော်ပြထားသည်။
သေဆုံးခဲ့သည့် ပထမကျောင်းသူမှာ မာလာဖူးကျေးရွာမှ အသက် ၆ နှစ်အရွယ် မသမီးဦး ဆိုသူ ဖြစ်ပြီး ၎င်းသည် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) မြင့်ဝင်းက ပြောသည်။
ကျန်နှစ်ဦးမှာ တတိယတန်း ကျောင်းသူ မစန်းမိုးအေး (၉ နှစ်)နှင့် မနော်ကေဖော (၁၀ နှစ်)တို့ ဖြစ်ပြီး ဓားဒဏ်ရာများကြောင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ စိုးရိမ်ရ အခြေအနေဖြင့် တင်ပို့ထားရကြောင်း ၎င်းက ဆိုသည်။ မနော်ကေဖောသည် ဓားဖြင့် ခုတ်သူ ဦးဖားခေး၏ သမီးဖြစ်ကြောင်း သိရသည်။
ဦးဖားခေးသည် ကလေးများကို အရိုး၊ အသွား ၁၈ လက်မခန့်ရှိ ဝါးခုတ်ဓားဖြင့် လိုက်ခုတ်နေသည်ကို ယင်းကျေးရွာနေ ကိုအောင်ကိုလွင်ဦး (၂၆ နှစ်) က ဝင်ရောက် တားရာတွင် ၎င်းကိုပါ ခုတ်ခဲ့သောကြောင့် ဦးခေါင်းယာဘက်တွင် ၃ လက်မခန့် ပြတ်ရှဒဏ်ရာ ရရှိသွားကာ စိုးရိမ်ရ အခြေအနေနှင့် ကျိုက်ထို ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း ရဲမှူး (ဦးစီး) မြင့်ဝင်း က ပြောဆိုသည်။
အခင်းဖြစ်ပွားသည့် နေရာသည် ကရင် အမျိုးသား အစည်းအရုံး (KNU)၏ ထိန်းချုပ် နယ်မြေ ဖြစ်သဖြင့် ကျူးလွန်သူ ဦးဖားခေး အား သြဂုတ် ၁၃ ရက်၌ တပ်မဟာ (၁)၊ တပ်ရင်း (၃) မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဒါးနေထူးနှင့် အဖွဲ့က ရဲတပ်ဖွဲ့ ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကလေးများကို ဓားဖြင့်ခုတ်ခဲ့သော ဦးဖာခေးကို ကင်မွန်းချောင်း နယ်မြေရဲစခန်းတွင် (ပ) ၁၃၈/ ၂၀၁၈၊ လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင် တဦးထံမှ သိရသည်။