သတင်းတို

ရွှေညောင်တွင် အကြွေးသိမ်းရာမှ လူသတ်မှုဖြစ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့တွင် ငွေကြေးကိစ္စဖြင့် စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဖမ်းဆီးပြီး အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရွှေညောင်မြို့နယ်ရဲစခန်းမှ သိရသည်။

ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်၊ သပြေလမ်းဆုံတွင် သြဂုတ်လ ၂၀ ရက် ည ၇ နာရီ ၅၀ မိနစ်ခန့်၌ မရီရီသန့်၊ မအေးအေးသန့်တို့ ညီအစ်မ နှစ်ယောက်နှင့် သိန်းဇော်လတ်တို့ စကားများရာ သိန်းဇော်လတ်မှ ညီအစ်မနှစ်ယောက်စလုံးကို အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန်နှင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် ရဲစခန်းမှ ရဲအရာရှိတဦး က “အဓိကအကြောင်းကတော့ ပိုက်ဆံချေးတဲ့ကိစ္စပေါ့။ သိသလောက်တော့ ဟိုအကောင်က ဒီလကုန်ပေးမယ်ဆိုတာကို မပေးတော့ ညီမနှစ်ယောက်က အဲဒီကောင်စီးနေတဲ့ ဆိုင်ကယ်ကို သိမ်းသွားတယ်ပြောတယ်။ ဟိုကောင်ကနေ မကျေနပ်ဘဲ ပြဿနာတွေ တက်ကြတာ” ဟု ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရပ်ကွက် ဥက္ကဋ္ဌ၊ ရာအိမ်မှူးနှင့် ရဲတပ်ဖွဲ့ဝင်များသွားကြည့်ရာ မရီရီသန့်သည် ဝဲဘက်ရင်အုံ (နို့အုံ) အောက်တွင် ထိုးသွင်းဒဏ်ရာ တချက်ဖြင့် သွေးများ ရွှဲကာလဲကျနေကြောင်း၊ မအေးအေးသန့်သည် ဝဲဘက်ဗိုက်အောက်တွင် ထိုးသွင်းဒဏ်ရာ တချက်ဖြင့် သွေးများ ထွက်ကာ ငုတ်တုတ် ထိုင်နေသည်ကို တွေ့ရသည်ဟုဆိုသည်။

၎င်းတို့ ၂ ဦးကို တာဝန်ရှိသူများက တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံရောက်ချိန်တွင် မရီရီသန့် သေဆုံးသွားခဲ့ကြောင်း၊ မအေးအေးသန့်သည် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်းရှင်းပြသည်။

အထက်ပါ ရဲအရာရှိက “သူကတော့ လက်ရှိဆရာဝန်တွေနဲ့ ဘာမှ မပြောရသေးဘူး။ ဗိုက်ဆိုတော့ အူတွေဘာတွေလည်းထိနိုင် တဲ့အနေအထား သေချာ စောင့်ကြည့်ပြီး လုပ်နေတာပဲ။ လောလောဆယ်ထိတော့ ဘာမှ အကြောင်းမပြန်သေးဘူး” ဟု ပြောသည်။

လူသတ်မှု ကျူးလွန်သူ သိန်းဇော်လတ် (၄၀ နှစ်) ကို အခင်းဖြစ်နေ့ကတည်းပင် ဖမ်းဆီးမိခဲ့ပြီး မရီရီသန့် (၄၀ နှစ်) နှင့် မအေးအေးသန့် (၃၇ နှစ်) တို့၏ အစ်ကိုဖြစ်သူ ဦးမြမင်းဦးက တရားလိုပြုလုပ်ကာ ဥပဒေအရ အရေးယူပေးရန် ရွှေညောင်ရဲစခန်း၌ တိုင်တန်းလာသဖြင့် သိန်းဇော်လတ်ကို ပုဒ်မ ၃၀၂/၃၂၆ (လူသတ်မှု၊ ချွန်ထက်သောအရာဖြင့် ပြင်းထန်စွာဒဏ်ရာရစေမှု)တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading