မြန်မာ-တရုတ် နယ်စပ် အခြေစိုက် လှုပ်ရှားလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) က မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံစားနေရသည့် ဒေသများ ကယ်ဆယ်ရေး အတွက် ကျပ်သိန်းပေါင်း ၄ ထောင်ကျော်လှူဒါန်းလိုက်သည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်း က “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း က တဆင့် စုစုပေါင်း ကျပ် သိန်းပေါင်း ၄ ထောင့် ၃ ရာကျော်ကို ငြိမ်းချမ်းရေး ကော်မရှင် ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
“များစွာသော ရေဘေးသင့် ဒေသနှင့် ရေဘေးသင့် ဒုက္ခသည်များ အတိဒုက္ခရောက်နေသည်ကိုလည်း ဝမ်းနည်းကျေကွဲစွာ တွေ့မြင် ခံစားနေရပါသည်။ ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းပါကြောင်း အသက်ရှင်ကျန်သော ရေဘေးသင့် ဒုက္ခသည်များ အတွက် ဒုက္ခများမှ လွတ်မြောက်စေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါသည်” ဟု FPNCC ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးမြေဧက ၉ သောင်းခန့် ပျက်စီးခဲ့ပြီး လူဦးရေ ၂ သိန်းနီးပါး ရေဘေးဒုက္ခသည် ဖြစ်ခဲ့ရကာ ရေဘေးကြောင့် ၁၆ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
FPNCC အဖွဲ့ဝင်များသည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရး သဘောတူစာချုပ် (NCA) ကို ရေးထိုးနိုင်ခြင်း မရှိသေးဘဲ ထိုအထဲမှ အဖွဲ့အချို့သည် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေလျှက်ရှိသည်။
“ဆိုးဝါးသော သဘာဝဘေးအန္တရာယ် ဆက်လက် နှိပ်စက်နေသည့် အချိန်အခါမှာ မိမိတို့ အနေနဲ့ အားလုံးသော အငြင်းပွားမှုနှင့် နိုင်ငံရေး သဘောထား ကွဲလွဲမှုကို ဘေးဖယ်ထားသင့်ပြီး စည်းလုံးညီညွတ်စွာနှင့် အတူတကွ ဒုက္ခသည်များကို ကယ်ဆယ်ရန်နှင့် သဘာဝဘေးကို ကျော်လွန်နိုင်ရန် ကြိုးပမ်းသွားရန် လိုအပ်ပါသည်” ဟု FPNCC ကြေညာချက်တွင် ပါရှိသည်။
FPNCC တွင် ‘ဝ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။