ရေကြီးနစ်မြှုပ်သော လမ်းပိုင်းများမှ ရထားပြေးဆွဲမှုကို ၁ လနီးပါးခန့် ရပ်နားထားခဲ့ရသဖြင့် မြန်မာ့ မီးရထားမှ ဝင်ငွေ ကျပ် သိန်းပေါင်း ၁၃၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်ဘူတာကြီး တိုင်း-၇ သွားလာ ပို့ဆောင်ရေး ဌာန တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။
ရန်ကုန်မြို့ ဘူတာကြီးရှိ စခန်းသာ ခန်းမ၌ ဩဂုတ်လ ၂၁ ရက်က ပြုလုပ်သည့် ခရီးသည်များ၏ လုံခြုံရေးနှင့် ပတ်သက် သော သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောခြင်း ဖြစ်သည်။
ရေကြီး နစ်မြှုပ်မှုကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းနှင့် နေပြည်တော်-မော်လမြိုင် ရထားလမ်းပိုင်းသို့ ပြေးဆွဲနေသော ရထားများ၂၄ ရက်ခန့် ရပ်နားထားခဲ့ကြောင်း သိရသည်။
ဦးဇော်လွင်က“တချို့နေရာတွေ တရက်ခြားပဲ ပြေးနိုင်တယ်။ ဒီဘက်ဆိုလည်း နှင်းပုလဲအထိပဲ ပြေးနိုင်တယ်။ အဲဒီအတွက် တန်ဖိုးက ကျပ်သိန်းပေါင်း ၁၃၀၀ ကျော် ရှိပါတယ်။ ဒါ အကြမ်းဖျင်း တွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒါက ပြေးဆွဲရမယ့် ရထားတွေမှာ ရမယ့် မြန်မာ့မီးရထားရဲ့ ပိုက်ဆံဖြစ်တယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ သဘာဝဘေးဒဏ်ကြောင့် ရန်ကုန်-မော်လမြိုင်ရထား လမ်းပိုင်းကို ဇူလိုင်လ ၂၇ ရက်မှ ဩဂုတ်လ ၁၉ ရက်အထိ ပြေးဆွဲမှုများ ရပ်နားခဲ့ပြီး လမ်းပိုင်း အလိုက် ရထားများ၏ အခေါက်ရေ အလိုက် တွက်ချက်ထားခြင်း ဖြစ်ကြောင်း ၎င်းက ဆို သည်။
ထိုသို့ ရထား ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရခြင်းကြောင့် ခရီးသည်များထံမှ ရရှိမည့် ပါဆယ်ပို့ခများ မရရှိသည့် စာရင်း များကိုပါ တွက်ချက်ပြီး ပြောဆိုရခြင်း ဖြစ်ကြောင်းလည်း ဦးဇော်လွင်က ရှင်းပြသည်။
ရထား ခရီးစဉ် အမှတ် ၈၉ အဆန် ဖြစ်သော ရန်ကုန်-မော်လမြိုင် ခရီးစဉ်တွင် ရထားပြေးဆွဲမှု အခေါက်ရေ ၃ ကြိမ်၊ အမှတ် ၉၀ အစုန်ဖြစ်သော မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွင် ရထားပြေးဆွဲမှု ၄ ကြိမ်၊ အမှတ် ၃၅ အဆန် ရန်ကုန်-မော်လမြိုင် ခရီးစဉ်တွင် ၂၃ ကြိမ်၊ အမှတ်၃၆ အစုန်တွင်၂၂ ကြိမ်၊ ၁၇၅ အဆန်တွင် ၂၃ ကြိမ်၊ အမှတ် ၁၇၆ အစုန် တွင် ၂၂ ခေါက်နှင့် ၁၅/၁၆ အစုန်၊ အဆန် ဖြစ်သော နေပြည်တော်-ရန်ကုန် ခရီးစဉ်တွင် ရထားပြေးဆွဲမှု ၁၂ ကြိမ်၊ ၁၈/၁၇ အစုန်၊ အဆန်တွင် ရထားပြေးဆွဲမှု အခေါက်ရေ ၁၂ ကြိမ်တို့ အပါအဝင် စုစုပေါင်း ၁၂၁ ကြိမ် ပြေးဆွဲမှုများ ရပ်နားခဲ့ရခြင်း ဖြစ်သည်။