ရခိုင်ပြည်နယ်၌ အစိုးရတပ်များ၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချရန် ငြင်းဆိုခဲ့သည့် အတွက် စကော့တလန် နိုင်ငံမှ ဒေါ်အောင်ဆန်း စုကြည်အား ချီးမြှင့်ထားသည့် အီဒင်ဘာ့ခ် လွတ်မြောက်ရေးဆု ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ငြိမ်းချမ်းရေးနိုဗဲဆုရှင်အား ယမန်နှစ်က စတင်ပြီး ပြန်လည် ရုပ်သိမ်းခဲ့သည့်ဆုများမှာ ယခုဆု နှင့်ဆိုလျှင် ၁၇ ဆုမြောက် ပြန်လည်ရုပ်သိမ်းခံရခြင်းဖြစ်ပြီး၊ အီဒင်ဘာ့ခ်ကလည်း ဒဗ္ဗလင်၊ အောက်စဖို့၊ ဂလက်စ်ဂိုနှင့် နယူးကာဆယ်တို့ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို မြို့များအလိုက် ပေးအပ်ခဲ့သော လွတ်မြောက်ရေးဆုများအား ပြန်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအရေး စွမ်းဆောင်ချက်များကြောင့် အဆိုပါအီဒင်ဘာ့ခ် ဆုကို ၂၀၀၅ ခုနှစ်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သူမမှာ နေအိမ်အကျယ်ချုပ်ကျနေချိန်ဖြစ်သည်။ ပေးအပ်သည့်အချိန်တွင် အီဒင်ဘာ့ခ် အုပ်ချုပ်ရေးမှူးက ဒေါ်အောင်ဆန်းစုကြည်ကို အဖိနှိပ်ခံ၍ ငြိမ်းချမ်းရေး စံနမူနာပြလုပ်ဆောင်ချက်မှာ နယ်လ်ဆင်မင်ဒဲလား ကဲ့သို့ပင် ဖြစ်ကြောင်း ချီးကျူးထောပနာပြုခဲ့သေးသည်။ ယင်းဆုကိုလည်း သူမ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် မဆုတ်မနစ်စွမ်းဆောင်ခြင်းအတွက် လူသိကြားရှင်ကြား အထောက်အကူပြုချီးမြှင့်ခြင်းဟု ဆိုခဲ့သည်။
သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် တွင် ဘင်္ဂါလီများကို စစ်တပ်က ကျူးလွန်ခဲ့မှုအပေါ် တစုံတရာပြောဆိုရန် အကြိမ်ကြိမ်ငြင်းဆန်ခဲ့ သည်။
အီဒင်ဘာ့ခ်အုပ်ချုပ်ရေးမှူး ဖရန့်ရော့စ်က ဒေါ်အောင်ဆန်းစုကြည်ထံ ယမန်နှစ် နိုဝင်ဘာလက စာရေးသား၍ ဘင်္ဂါလီများ ဘေးကင်းရန်ကင်းဖြင့် ပြန်လာစေရေး သူမ၏ စွမ်းပကားထုတ်ပြရန် တိုက်တွန်းရေးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်ဆက်သွယ်ခြင်းမရှိ၍ ၎င်းက မြို့ကောင်စီအစည်းအဝေးကို ကြာသပတေးနေ့က ခေါ်ယူ၍ ပေးအပ်ထားသည့်ဆုကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရုပ်သိမ်းခြင်းမှာ အီဒင်ဘာ့ခ်မြို့အတွက် နှစ်ပေါင်း ၂၀၀ တွင် တကြိမ်ဖြစ်ပြီး ၁၈၉၀ ပြည့်နှစ်က အိုင်းရစ် အမျိုးသားရေးလှုပ်ရှားသူ ချားလ်စ်ပါနဲဆိုသူကိုလည်း အရှုပ်တော်ပုံကိစ္စ တခုကြောင့် ရုပ်သိမ်းခဲ့ဖူးသည်။