ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) မှ ဖမ်းသွားသော နန်းမိုဟွမ်ကို အမြန်ဆုံး လွှတ်ပေးရန် မိသားစုဝင်များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်းအနီးတွင် ယနေ့နံနက် ၉ နာရီက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြသည်။
ဆန္ဒပြတောင်းဆိုသူများ၏ လက်ထဲတွင် “သားနှင့်သမီးတို့၏ အပစ်မဲ့သော မေမေကို အမြန်ဆုံး လွှတ်ပေးပါ”၊ “PSLF/TNLA မှ ဖမ်းဆီးထားသော အပြစ်မဲ့သူ နန်းမိုဟွမ်အားအမြန်ဆုံးလွှတ်ပေးပါ”၊ “အပြစ်မဲ့သော နန်းမိုဟွမ် အမြန်ဆုံး လွတ်မြောက် လာနိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသော အစိုးရ အဖွဲ့အစည်းများမှ ထိရောက်စွာ ကူညီဆောင်ရွက်ပေးပါ” ဆိုသည့် စာတမ်းပါ ဗီနိုင်းများကို ကိုင်ဆောင်ထားသည်ကိုတွေ့ရသည်။
နန်းမိုဟွမ် လွတ်မြောက်ရေး ဆန္ဒပြရာတွင် ပါဝင်သူ မိသားစုဝင် တဦးက “TNLA က ဖမ်းသွားတဲ့ ကျမ ညီမ နန်းမိုဟွမ် အမြန်ဆုံး ပြန်လွှတ်ပေး စေချင်တာပေါ့။ သူ့သား/သမီးကလည်း ငယ်သေးတယ်၊ ကလေးတွေလည်း ကြာသွားရင် စိတ်ဒဏ်ရာတွေ ဖြစ်မှာ စိုးတယ်။ သူ့ ကျန်းမာရေးလည်း အရမ်းစိုးရိမ်တယ်၊ သူ့ကို အမြန်ဆုံး ငြိမ်းချမ်း စွာနဲ့ ပြန်လွှတ်ပေးပါလို့ ပြောချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆန္ဒပြရာတွင် ပါဝင်သော နန်းမိုဟွမ်၏ အစ်မ ဝမ်းကွဲ တဦးသည် ဆန္ဒပြနေရာတွင် မူးလဲသွားခဲ့ (မစိုးရိမ်ရ) ကြောင်းလည်း ၎င်းက ပြောသည်။
TNLA မှ နန်းမိုဟွမ်ကို ၎င်းတို့၏ ဥပဒေကို ကျူးလွန်သည်ဟုဆိုကာ ၂၀၁၈ ခုနှစ်၊သြဂုတ် ၁၇ ရက်က ဖမ်းဆီး သွားခဲ့ရာ ယနေ့(စက်တင်ဘာ ၇ ရက်)တွင် ၂၂ ရက်ရှိသွားပြီး ဖြစ်သော်လည်း ပြန်လည် လွှတ်မြောက် လာခြင်း မရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က နမ့်ခမ်းမြို့ရှိ မြို့လယ် ဘုရားကျောင်းအနီးမှာ နန်းမိုဟွမ် လွတ်မြောက်ရေး အတွက် မိသားစုဝင် အပါအဝင် ဆွေမျိုးသားချင်းတို့၏ ဆန္ဒပြ တောင်းဆိုသည့် နေရာသို့ ပြည်သူလူထု ၇၀၀ ဝန်းကျင် ဝန်းရံခဲ့ကြကြောင်း လူငယ်များကွန်ယက်(နမ့်ခမ်း)မှ ဆက်ဆံရေးတာဝန်ခံ စိုင်းရွှေသိန်းက ပြောသည်။
TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ်တွင် အသက် ၁၆ နှစ်အရွယ် သား အပါအဝင် အသက် ၉ နှစ်အရွယ် သမီးနှင့် အသက် ၆ နှစ်အရွယ် သားတို့ ရှိကြောင်း မိသားစုဝင်များက ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
- ဥပဒေ ချိုးဖောက်သည်ဆိုကာ နမ့်ခမ်းမြို့နေ အမျိုးသမီးတဦး TNLA ဖမ်းဆီး
- ကျနော့်အမျိုးသမီးကို မြန်မြန်လွှတ်ပေးစေချင်တယ်