မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ၂ ခု ကိုင်ဆောင်မှုဖြင့် တရားစွဲ ခံထားရသော ရပ်ကွက် အုပ်ချုပ်ရေးမှူး အမှုမှ တရားလိုပြ သက်သေ ၆ ဦးအား စစ်ဆေးပြီး ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် တရားရုံး သတင်း ပြန်ကြားရေးက ပြောသည်။
မော်လမြိုင်မြို့နယ် တရားရုံး သတင်း ပြန်ကြားရေး အရာရှိ ကိုယ်စား တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်မေလင်းထူးက “တရားလိုပြ သက်သေ ၁၀ ဦး အနက် တရားလိုပြ သက်သေ ၆ ဦးကို စစ်ဆေးပြီး ဖြစ်၍ ကျန်တရားလိုပြ သက်သေများ အား စစ်ဆေးရန် စက်တင်ဘာ ၁၄ ရက်ကို ချိန်းဆိုထားပါတယ်”ဟု မီဒီယာများကို ပြောသည်။
မော်လမြိုင်မြို့ရှိ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးသည် နိုင်ငံသား စိစစ်ရေးကတ် အမှတ် ၁၀/မလမ (နိုင်) ၁၉၄၄၉၅ နံပါတ်ကို ၁၉၈၈ ခုနှစ်က ကိုင်ဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင်လည်း နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် ၁၀/ သထန (နိုင်) ၀၉၉၈၇၁ ကို ကိုင်ဆောင်ခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မော်လမြိုင်မြို့နယ် ဦးစီးမှူး ဦးအေးမင်း က တရားလို လုပ်၍ ဒိုင်းဝန်ကွင်း နယ်မြေရဲစခန်းတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဒိုင်းဝန်ကွင်း နယ်မြေရဲစခန်းက တရားရုံး ဥပဒေ အကြံပြုချက် တောင်းခံပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့် အမှုစွဲတင်ခဲ့ရာ မော်လမြိုင်မြို့နယ် တရားရုံးက ၂၀၁၈ ခုနှစ် မေ ၂၉ ရက်တွင် ရာဇဝတ်ကြီး အမှု အမှတ် ၂၀၇၃/ ၂၀၁၈ ဖြင့် စတင် စစ်ဆေးခဲ့သည်။
ဦးဝင်းလွင်ဦး ကိုင်ဆောင်ခဲ့သော နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် ၁၀/သထန (နိုင်) ၀၉၉၈၇၁ နံပါတ်မှာ သထုံမြို့ ဘင်လှိုင် ရပ်ကွက်နေ ဒေါ်ချိုအေးနှင့် နံပါတ် တူနေကြောင်းလည်း ဌာနဆိုင်ရာများ၏ စစ်ဆေးချက်များ အရ သိရသည်။
မော်လမြိုင်မြို့နယ် တရားရုံးက အဆိုပါအမှုကို စစ်ဆေးမှု ပြုလုပ်နေရာ ယခု တရားရုံး စစ်ဆေးမှု ရုံးချိန်း ၁၀ ချိန်း ရှိပြီ ဖြစ်ကြောင်း ဒေါ်မေလင်းထူးက ရှင်းပြသည်။
လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့ဝင် ဦးသိန်းဇော်ကလည်း အသစ်ရွေးချယ်လိုက်သော လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးလောင်း ဦးရန်နိုင်အား ခန့်အပ်တာဝန်ပေးစာနှင့် လက်ရှိ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးအား တာဝန်လွှဲပြောင်းစာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးပြီးပါက ဦးဝင်းလွင်ဦး ကို လက်ရှိအုပ်ချုပ်ရေးမှူးတာဝန်မှ ရပ်နားမည်ဖြစ်ကြောင်း ပြောသည်။
၂၀၁၄ ခုနှစ်က လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ ဦးဝင်းလွင်ဦးသည် သထုံမြို့နယ်၏ နိုင်ငံသား စိစစ်ရေး ကတ် ဖြစ်သည့် ၁၀/သထန (နိုင်) ၀၉၉၈၇၁ နံပါတ်ဖြင့် အုပ်ချုပ်ရေးမှူး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းကို ရပ်ကွက် ဒေသခံ တချို့က ယခင် အစိုးရ သက်တမ်းကတည်းက တိုင်းကြားခဲ့သော ဖြစ်စဉ် တခုလည်း ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန် –
မော်လမြိုင်က ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦး နိုင်ငံသားကတ် ၂ ခု ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ခံရ
မော်လမြိုင်မြို့၌ မှတ်ပုံတင်အတု ကိုင်ဆောင်သည့် အုပ်ချုပ်ရေးမှူးအား အရေးမယူနိုင်သေး