သတင်းတို

ကုန်သွယ်မှု ဆိုင်ရာ သတင်း အချက်အလက် ကွန်ရက် စတင် ထုတ်လွှင့်

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း ပို့ကုန် လုပ်ငန်းရှင်များနှင့် ပြည်ပမှ ဝယ်ယူသူများ အတွက် ပို့ကုန် မြှင့်တင်ရေးနှင့် သတင်း အချက်အလက် ဖလှယ်ရန် ရည်ရွယ်၍ ကုန်သွယ်မှု ဆိုင်ရာ သတင်း အချက်အလက် ကွန်ရက် ဝက်ဘ်ဆိုက် တခုကို ယနေ့ စတင် ထုတ်လွှင့် လိုက်ကြောင်း သိရသည်။

အဆိုပါ ကွန်ရက် ဖွင့်ပွဲ အခမ်းအနားအား မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် ယနေ့ ပြုလုပ်သည်။

ယင်းကွန်ရက်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း)၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင် ရေး အဖွ့ဲနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ သွင်းကုန်များအား ကူညီထောက်ပံ့ပေးရေး စင်တာ(CBI)၊ ဂျာမနီ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (GIZ)၊ အာဆီယံ-ဂျပန် ဗဟိုဌာန (AJC) တို့ ပူးပေါင်း လုပ်ဆောင် ခြင်း ဖြစ်ကာ ဝက်ဘ်ဆိုက် လိပ်စာမှာ myantrade.org ဖြစ်သည်။

စီးပွား/ကူးသန်း၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၊ မဟာဗျူဟာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာနခွဲမှ ဒု ညွှန်ကြားရေး မှူး ဦးထွန်းနိုင်က “မြန်မာ ပို့ကုန် လုပ်ငန်းရှင်တွေနဲ့ ပြည်ပက ဝယ်ယူမယ့် သူတွေ အွန်လိုင်းပေါ်မှာ အလွယ်တကူ ချိတ် ဆက် ဝယ်ယူနိုင်အောင် လုပ်ပေးတာ ဖြစ်တယ်။ အွန်လိုင်းက လုပ်မယ်ဆိုရင် အလွယ်တကူ ကုန်ပစ္စည်းတွေကို တင်ပြ နိုင်မယ်။ ပြည်ပက ဝယ်ယူမယ့် သူတွေကလည်း ကုန်ပစ္စည်းတွေကို အလွယ်တကူ ဝက်ဘ်ဆိုက် ကနေ လေ့လာ နိုင်မှာ ဖြစ်တဲ့အတွက် သူတို့ ယုံကြည်မှု ရှိတဲ့ Export (ပို့ကုန်) သမားတွေနဲ့ လွယ်လွယ်ကူကူ လျင်မြန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကိုလည်း အွန်လိုင်း ဈေးကွက်တွင် ကြော်ငြာနိုင်ရန် လုပ်ဆောင်ထားပြီး မြန်မာ လုပ်ငန်းရှင်များ အနေနှင့် myantrade.org ဝက်ဘ်ဆိုက်တွင် စာရင်းသွင်း၍ မိမိတို့၏ ကုမ္ပဏီ အကြောင်း ထည့်သွင်း ပေး ထားပါက ပြည်ပမှ ဝယ်လက်များက လိုအပ်သော ကုန်ပစ္စည်းများကို အလွယ်တကူ ဝင်ရောက် ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု ပေးထားကြောင်း ၎င်းက ရှင်းပြသည်။

“ပြီးတော့ ပို့ကုန်သမားတွေကို ဒီဝက်ဘ်ဆိုက်မှာ ဓာတ်ပုံနဲ့ တကွ ဖော်ပြပေးနိုင်ဖို့ စီစဉ်ထားတယ်။ ဒါကျနော်တို့ ဌာနရဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ကို အတတ်နိုင်ဆုံး Update ဖြစ်အောင်တော့ လုပ်ထားပါတယ်။ မနက်ဖြန်က စပြီး အသုံး ပြုလို့ ရပါပြီ”ဟု ဦးထွန်းနိုင်က ဆိုသည်။

အဆိုပါ myantrade.org ဝက်ဘ်ဆိုက်ကို စက်တင်ဘာ ၂၀ ရက်တွင် စတင် အသုံးပြုနိုင်မည်ဟု ဆိုသည်။

မြန်မာ ပို့ကုန်လုပ်ငန်းရှင်များ အနေနှင့် မိမိတို့၏ ကုမ္ပဏီ ဆိုင်ရာ အချက်အလက်များ၊ ကုန်ထုတ်လုပ်နိုင်မှု အခြေ အနေ၊ စံချိန် စံညွှန်း၊ တင်ပို့နိုင်မည့် အခြေအနေများကို myantrade.org ၌ အကောင့်တခု ပြုလုပ်၍ Exporter Directory တွင် ဖြည့်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ဖြန့်ဖြူး ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက “ဒီနေ့ ဝက်ဘ်ဆိုက် တင်တာ ကောင်းတယ်။ ကျနော်တို့က ကြိုလည်း ကြိုဆိုတယ်။ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ ဝက်ဘ်ဆိုက်တွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒါမျိုးမရှိဘူး။ အခုလို ပေါ်လာတာ ကောင်းတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက“ကျနော်တို့ဆီက စာရင်းဇယား တောင်းဖို့ ခက်တယ်။ နိုင်ငံခြားသားတွေ လာရင်လည်း သူတို့ စိတ် ညစ်ကြတယ်။ ကျနော်တို့ ကိုယ်တိုင်က အစ ပေါ့နော်။ ဘယ်မှာ ကြည့်ရမယ်မှန်း မသိဘူး။ ပို့ကုန်ဆိုလည်း ကျနော် တို့ ဆီက ဘယ်ဟာကို ဘယ်လောက် ပို့ခဲ့တယ်။ ဘယ်နိုင်ငံတွေ ပို့တယ်ဆိုတာ သိဖို့ ခက်တယ်။ အခုလို ပေါ် လာတဲ့ အတွက် ပို့ကုန် သမား၊ ပစ္စည်း ဝယ်ယူမယ့်သူတွေ၊ မီဒီယာပဲ ဖြစ်ဖြစ်၊ သုတေသန လုပ်တဲ့သူပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ တွေကလည်း သတင်း အချက်အလက်ကို အလွယ်တကူ ရှာလို့ ရမယ်”ဟုလည်း ပြောဆိုသည်။

ထို့ကြောင့် ဝက်ဘ်ဆိုက်တွင် သတင်း အချက်အလက်များကို ပြည့်ပြည့်စုံစုံ တင်ပြပေးရန်နှင့် လက်ရှိ အခြေအနေများ ကို အချိန်နှင့် တပြေးညီ Update လုပ်ပေးရန် လိုအပ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် တဦးလည်း ဖြစ်သူ ဒေါက်တာ စိုးထွန်းက ဆက်လက် အကြံပြု ပြောဆိုသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading