သတင်းတို

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်ရောက်နိုင်

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး နောက် ၁၂ နာရီ အတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ် အရှိန်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများနှင့် ရခိုင်ကမ်းရိုးတန်းတို့တွင် စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တခါတရံ မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ဧရာဝတီသို့ ပြောသည်။

ဦးကျော်မိုးဦးက “အိန္ဒိယနိုင်ငံ ကမ်းခြေကို ၂၀ ရက်နေ့ညပိုင်း ဒါမှမဟုတ် နောက်ကျရင်တော့ ၂၁ ရက်နေ့ မနက် အစောပိုင်းမှာ ဖြတ်မယ်လို့ ခန့်မှန်းရတယ်။ လောလောဆယ်တော့ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးလို့သတိထားရမယ်။ မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း အထူးသဖြင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း တလျှောက်မှာတော့ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်” ဟု ပြောသည်။

ယင်းမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေသို့ စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် ဖြတ်ကျော်ဝင်ရောက် သွားနိုင်ကြောင်းနှင့် မုန်တိုင်းအရှိန်ကြောင့် ရေပြင်၊ မြေပြင်လေသည် မိုင် ၃၅ မှ- ၄၀ ခန့်ရှိနိုင်ပြီး ပင်လယ်ရေလှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၅ ပေခန့်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဆက်လက်ပြီး ဦးကျော်မိုးဦးက “မိုးသက်လေပြင်းကျရင် ရေပြင်မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင် ၊ မိုင် ၄၀ လောက်တိုက်နိုင်တယ် ၁၉ ရက်နေ့ ညနေပိုင်းကနေ ၂၀ ရက်နေ့ပေါ့ ၂၀ ရက်နေ့ ကမ်းဝင်သွားရင်တော့ ဒီဘက်မှာလျော့သွားမယ်” ဟုဆိုသည်။

မနက်ဖြန် နံနက်ပိုင်း အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ ဇလက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နောက် ၂ ရက်အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading