မွန်ပြည်နယ် အတွင်း စည်ပင် သာယာရေး အဖွဲ့မှ မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်များကို ရုပ်သိမ်းသွားရန် အစီအစဉ် ရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက စက်တင်ဘာ ၂၀ ရက်တွင် မီဒီယာများကို ပြောကြား သည်။
ဒေါက်တာအေးဇံ “ ဒီမြို့ဝင်ကြေးကို မကောက်ဖို့၊ လုံးဝကို ဖြုတ်မယ် ဆိုတာ ကျနော်တို့ အစိုးရမှာ ရည်ရွယ်ထား ပြီးသား” ဟု ဆိုသည်။
အဆိုပါ မြို့ဝင်ကြေး ဂိတ်များမှ ရရှိသော ငွေအား လွှမ်းခြုံမှု ပြုနိုင်ရန် အခြား လုပ်ငန်းများကို အခွန် ကြပ်မတ် ကောက်ခံ မှုတွင် ငွေကျပ် သုည ဒသမ ၈ ဘီလီယံ ဝန်းကျင် ရရှိလာပါက စည်ပင် မြို့ဝင်ကြေး ဂိတ်များ ဖျက်သိမ်း ပေးသွားမည် ဟု သိရသည်။
လက်ရှိ၌ စည်ပင် သာယာရေး အဖွဲ့ မြို့ဝင်ကြေး ကောက်ခံမှုမှ ၁ နှစ်လျှင် ငွေကျပ် သန်း ၁ ထောင်ကျော် ရရှိနေကြောင်း နှင့် စည်ပင် ဘဏ္ဍာငွေ ၁၆ ရာခိုင်နှုန်းမှာ မြို့ဝင်ကြေးဂိတ်မှ ရရှိသော အခွန်ငွေ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြော သည်။
စည်ပင် သာယာရေး အဖွဲ့ရှိ ဝန်ထမ်းများ၏ လစာများကို စည်ပင် သာယာရေး အခွန် အကောက်မှ ရရှိသော ဘဏ္ဍာငွေ ထဲမှ ၃၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခွင့် ရရှိခြင်းကြောင့် လက်ရှိ အဖွဲ့က ကောက်ခံနေသည့် မြို့ဝင်ကြေး ဂိတ်များ ချက်ချင်း ပိတ်သိမ်းသွားရန် အခက်အခဲ ရှိနေသေးကြောင်း သိရသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့က မြို့ဝင်ကြေး ရုပ်သိမ်းပေးရန် အဆိုတင်သည့် အပေါ်ကို ကန့်ကွက်ခြင်းမျိုး မဟုတ်ဘဲ မှတ် တမ်းတင်ရန် လွှတ်တော်ထံ တင်ပြမှုကို လွှတ်တော်ဘက်မှ မဲခွဲ ဆုံးဖြတ်လိုက်ခြင်းကြောင့် အဆို ရှုံးနိမ့်ခြင်း အပေါ် ကန့်ကွက်သည့် သဘောမျိုးဖြင့် ပြည်သူများဘက်က ထင်မြင်နေကြခြင်းဟု ဒေါက်တာအေးဇံက ရှင်းပြသည်။
မွန်ပြည်နယ် အတွင်း B.O.T စနစ်ဖြင့် လမ်း၊ တံတားကြေး ကောက်ခံနေသည့် အဝေးပြေး လမ်းပေါ်တွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့က မြို့ဝင်ကြေးများ ထပ်မံ ကောက်ခံခြင်း မပြုလုပ်ဘဲ ယာဉ်လိုင်စင် သက်တမ်း တိုးချိန် ကညန (ကုန်း လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန) မှသာ အခွန်ကောက်ခံသည့် ပုံစံမျိုးဖြင့် ပြင်ပြင် ပြောင်းလဲသင့်ကြောင်း မော်လမြိုင် မြို့ခံများက ဆိုကြသည်။
ဆက်စပ်ဖတ်ရှုရန် – မွန်ပြည်နယ်တွင် မြို့ဝင်ကြေးများ ဆက်ကောက်မည်