ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် သစ်တုံးနားခွဆုံ ကျေးရွာတွင် နေထိုင်သည့် မြို တိုင်းရင်းသား တဦး အသတ် ခံရကြောင်း သတင်း ရရှိသည်။
အသတ်ခံရသူသည် အသက် ၄၀ အရွယ် ဦးဒူးလူ ဆိုသူ ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့က ကျေးရွာအနီးရှိ တောစပ် သို့ နွားကျောင်းရန် သွားရောက်စဉ် ပြန်ရောက်လာခြင်း မရှိသည့် အတွက် စက်တင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက ရွာသား များ သွားရောက်ရှာဖွေရာတွင် ရွာ၏ မြောက်ဘက် တမိုင်ခွဲခန့် အကွာ တောစပ်အနီး၌ သတ်ဖြတ်ခံထားရသည့် အလောင်း အား တွေ့ရှိခဲ့ကြောင်း ဒေသ အာဏာပိုင်များက ပြောသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်က “မနေ့က နွားကျောင်းသွားရင်းနဲ့ နွားနဲ့ လူနဲ့ ပျောက်သွားတယ်။ ဒီနေ့ မနက်မှာ သွားရှာတော့ အသတ်ခံထားရတဲ့ အလောင်းကို တွေ့တယ်။ နွား ၈ ကောင်မှာ ၆ ကောင် ပြန်တွေ့ပြီးတော့ ၂ ကောင် မတွေ့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ မြိုတိုင်းရင်းသား ဦးဒူးလူ သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ရှာဖွေ စုံစမ်း လျက် ရှိပြီး မည်သူ သတ်ဖြတ်သွားသည်ကို ပြောဆို၍ မရသေးကြောင်း ဒေသ အာဏာပိုင်များက ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူသီးတောင်နှင့် မောင်တော မြို့နယ်များအတွင်း တရားဥပဒေ စိုးမိုးမှု မရှိသည့်အပြင် ဌာနေ တိုင်းရင်းသားများ လုံခြုံမှုကင်းမဲ့နေသည့် အတွက် မကြာခဏဆိုသလို သတ်ဖြတ်ခံနေရပြီး လက်ရှိ လုံခြုံရေး အစီအမံ တိုင်းဆို နောက်ပိုင်းတွင်လည်း အလားတူ ဖြစ်ရပ်များနှင့် ရင်ဆိုင် ကြုံတွေ့ နိုင်ရဖွယ်ရှိကြောင်း ဘူသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ပြောဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “လုံခြုံရေးတွေ ဆောက်ရွက် ထားရှိတယ်ဆိုပေမယ့် အဲဒီ လုံခြုံ ရေး တွေက တိုင်းရင်းသားတွေကိုကာကွယ် မပေးနိုင်ဘူး။ ကာကွယ် မပေးနိုင်ရင် နောင်မှာလည်း ဒီလို သတ်ဖြတ်ခံနေ ရ ဦးမှာပဲ။ ကျနော်တို့က ဒီလိုဖြစ်မယ် ဆိုတာကို သိနေတော့ ဒေသခံရွာသားတွေကို ပြည်သူ့စစ် ဖွဲ့ပေးဖို့ လွှတ်တော်မှာ တင်ပြ တော့ လက်မခံဘူးဗျ။ အခုဆိုရင် တိုင်းရင်းသားတွေ ဒေသကို စွန့်ခွာလာနေကြတာ လူကုန်သလောက် ရှိနေပြီ” ဟု လည်း ဧရာဝတီသို့ ပြောသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က မေယု တောင်တန်းပေါ်ရှိ တောင်ယာ စိုက်ခင်းထဲတွင် အလုပ်လုပ်ကိုင်နေသော မောင်တော မြို့နယ် ကိုင်းကြီးကျေးရွာနေ မြိုတိုင်းရင်းသူ/သား ၈ ဦးသည်လည်း အကြမ်းဖက် သမားတို့၏ သတ်ဖြတ်မှု ကြောင့် သေဆုံးခဲ့ရသည်။