မန္တလေးပန်တျာကျောင်း တည်ထောင်ခြင်း ၆၅ နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပ သွားမည်ဖြစ်ရာ အဆိုပါအခမ်းအနားတွင် ယခင်ပန်တျာကျောင်း ကျောက်စာတိုင်ကိုလည်း ပြန်လည် စိုက်ထူသွားမည်ဟု ၆၅ နှစ်ပြည့် အခမ်းအနားကျင်းပရေးကော်မတီမှ သိရသည်။
“၆၅နှစ်ပြည့်ပြီဖြစ်တဲ့အတွက် စိန်ရတုအကြိုလုပ်တာပါ၊ ပန်တျာကျောင်းက ပင်စင်စားဆရာတွေကို နှစ်စဉ်ကန်တော့ခဲ့ကြတယ်၊ ၆၅ နှစ်ပြည့်မှာလည်း ဆရာကန်တော့ပွဲကို ထူးထူးခြားခြားပြုလုပ်သွားမယ်၊ ကျောက်စာတိုင်က တိမ်မြုပ်သွားတာကြောင့် ပန်တျာဆိုတာ တိမ်မြုပ်သလိုဖြစ်နေတယ်၊ အရင်ကျောက်စာကို သိမ်းထားတဲ့သူကလည်းရှိနေတော့ အဆင်ပြေသွားတာပေါ့၊ ဒါနဲ့ ခုလို ၆၅ နှစ်ပြည့်ကို လုပ်ဖြစ်တာပါ”ဟု ကျောင်းသားဟောင်းတဦးဖြစ်သူ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးစိန်မောင်းက ပြောသည်။
အဆိုပါ အခမ်းအနားတွင် ယခင် ကျောက်စာဟောင်းအား ပန်တျာကျောင်းရှေ့တွင် စိုက်ထူခြင်း၊ ပန်တျာကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်သွားကြသည့် ဆရာများကို ရည်စူး၍ ဆွမ်းကပ်ခြင်း ၊ ၇၅ နှစ်အထက် ဆရာ၊ ဆရာမကြီး ၁၀ ဦး အား ကန်တော့ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူသစ်များနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းကပြမည့် ပဒေသာကပွဲ စသည်တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။
“ပန်တျာဆိုတဲ့ ကမ္ဗည်းကျောက်စာတိုင်ကို ပန်းပုဌာနမှူး ဆရာဦးအောင်ကျော်က ထိန်းသိမ်းထားခဲ့တာကို အမှတ်တရပြန်ပြီး စိုက်ရင် ၆၅နှစ်ပြည့်အတွက် အလွန်ကောင်းမယ်ဆိုပြီး အကြံပြုလာပါတယ်၊ အဲဒါကြောင့် အခုလိုကျောက်စာစိုက်ထူဖို့အတွက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ခွင့်ပြုမိန့်နဲ့ ပန်တျာကျောင်းအုပ်ကြီးရုံးခန်း ရှေ့မှာ စိုက်ထူသွားပါမယ်”ဟု အခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ အမျိုးသမီးဆိုင်ဆရာ တက္ကသိုလ် ခင်မြလွင်က ပြောသည်။
ပန်တျာ၏ အထိမ်းအမှတ်ဖြစ်သည့် မင်းသမီးကနေဟန်အရုပ်ကိုလည်း ထည့်သွင်းသွားမည်ဖြစ်သလို ၆၅နှစ်ပြည့် ကမ္ဗည်းကျောက်စာတိုင် အသစ်ကိုလည်း ထပ်မံဖြည့်စွက် တပ်ဆင်သွားမည်ဖြစ်သည်။
မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်း၊လမ်း၂၀နှင့် ၂၂လမ်းကြားရှိ မန္တလေးပန်တျာကျောင်းကို ၁၉၅၃ခုနှစ်က ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဦးဝင်းက ပန္နက်ရိုက်ပြီး စတင်တည်ဆောက်ခဲ့စဉ်က မြန်မာနိုင်ငံပန်တျာနှင့်ပန်းချီပန်းပုကျောင်းဟု ဖွင့်လှစ်ခဲ့ပြီး ကျောက်စာတိုင်ကို လက်ရှိ ပန်းချီ၊ပန်းပုကျောင်းဆောင်ရှေ့တွင် စိုက်ထူပေးခဲ့သည်။
မန္တလေးပန်တျာကျောင်းသည် နိုင်ငံကျော် မင်းသား မင်းသမီး၊ အဆို၊ အက၊ အတီး၊ ပန်းချီ၊ ပန်းပု အနုပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ရာ အနုသုခုမ နေရာ တခုဖြစ်သည်။ အဆိုပါကျောင်းကြီးတွင် အငြိမ့်မင်းသမီးကြီး သြဘာသောင်း၊ ဇာတ်သဘင်အနုသုခုမ ပညာရှင်ဆရာကြီး ဦးရွှေဒေါင်းညို၊ အငြိမ့်သဘင်ပညာရှင် မင်းသမီးကြီး ”လှလေးစိန်’ စသည့် ပညာရှင်ကြီးများစွာက သင်ကြားပေးခဲ့ဖူးသည်။