သတင်းတို

ရွှေတိဂုံ စေတီ ရွှေမည်းသည် ပြောသဖြင့် တိုက်ခိုက်ခံနေရဟု သူရ ဦးအောင်ကို ပြော

ရွှေတိဂုံ စေတီတော်၏ ဖောင်းရစ် ရွှေများ သက်တမ်း မကုန်မီ မည်းလာသည့် အပေါ် ဝေဖန်ပြောဆိုသောကြောင့် “လေဖြတ်သွားပြီ” ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြခြင်းဖြင့် တိုက်ခိုက်ခံနေရကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

နေပြည်တော်၌ စက်တင်ဘာလဆန်းက ပြုလုပ်ခဲ့သည့် စက်မှု ပြပွဲတခုတွင် ဝန်ကြီး သူရ ဦးအောင်ကိုက ရွှေပြားဖြတ် စက် အကြောင်း ဆွေးနွေးစဉ် ရွှေတိဂုံဘုရားမှ ရွှေဆိုင်းများ သက်တမ်း မပြည့်မီ အရောင်မွဲလာခြင်းအား ပြောဆိုခဲ့ရာမှ လူမှု ကွန်ရက်ပေါ်တွင် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ယင်း ရွှေဆိုင်းများကို တာဝန်ရှိသူများက ပြန်လည် စစ်ဆေးရန် ပြုလုပ်လာကြသည်။

သူရ ဦးအောင်ကိုက “၂၀၁၅ ခုနှစ်က နှလုံးအားနည်းလို့ ဆေးရုံတက်ခဲ့ရဖူးပါတယ်။ အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ ရှိတဲ့ အချိန်မှာ ရိုက်ထားတဲ့ပုံကို ပြန်တင်ပြီးတော့မှ ဦးအောင်ကိုကြီးတော့ ဘုရားရွှေမည်းတယ် ပြောလို့ ဘုရားရိုက်လို့ လေဖြတ်သွားပြီ ဆိုပြီးတော့မှ တင်ပါတယ်”ဟု သတင်းထောက်များကို ရှင်းပြသည်။

ထိုအချိန်၌ ၎င်းသည် ပုဂံ ရှိ သဗ္ဗေညု ပုထိုးတော်ကြီး ပြုပြင် ထိန်းသိမ်းနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ အကူအညီ အထောက်အပံ့ဖြင့် မြန်မာ- တရုတ် အင်ဂျင်နီယာ ဗိသုကာများ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ (MoU) ထိုးသည့် အခမ်းအနားကို တက်ရောက်နေကြောင်း သိရသည်။

သူရ ဦးအောင်ကိုက “အခမ်းအနား တက်တဲ့အချိန်မှာ ကျနော် ဆေးရုံ ရောက်တယ်လို့ ဆိုတာနဲ့ အဲဒီ သတင်းလေးကို မြန်မြန် ထုတ်လိုက်ပါတယ်။ ဟိုဘက်ရွာက ပုဂ္ဂိုလ် တချို့ကတော့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ သို့သော် ကိစ္စ မရှိပါ ဘူး။ ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာစွာနဲ့ ယဉ်ကျေးမှု၊ သာသနာ တာဝန်များ ထမ်းဆောင်လျက် ရှိပါကြောင်း ပြောလို ပါတယ်”ဟု ပြောဆိုသည်။

လက်ရှိ ကျန်းမာရေး အခြေအနေမှာလည်း အာရုံကြောပိုင်းဆိုင်ရာ အားနည်း၍ အကြား အာရုံပိုင်းတွင် အားနည်း နေသည်မှ လွဲ၍ အားလုံးကောင်းမွန်ကြောင်း သူရ ဦးအောင်ကိုက ဆိုသည်။

ယခုအခါ ရွှေမည်းသည့် ကိစ္စကို စစ်ဆေးနိုင်ရန် ငြမ်းစဆင်နေပြီး ရွှေပါဝင်မှုနှုန်းကို ပညာရှင်များနှင့် စစ်ဆေးမည် ဖြစ် ကြောင်း၊ တွေ့ရှိမှု အပေါ်တွင် မူတည်၍ တာဝန်ယူထားသည့် ကန်ထရိုက်က ဖြေရှင်းပေးရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

သူရ ဦးအောင်ကိုသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းနှင့် စစ်တက္ကသိုလ် တပတ်စဉ် တည်း ဖြစ်သည့် DSA အပတ်စဉ် ၁၁ မှ ဖြစ်ပြီး တပ်မတော်တွင် ဗိုလ်မှူးချုပ် အဆင့် အထိ တာဝန်ယူခဲ့ဖူးကြောင်း၊ သာသာနာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန တို့တွင် ဒုတိယ ဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး အဆင်ပြေသူတဦး ဖြစ်ကြောင်းလည်း သိရ သည်။

ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသည့် သူရ ဦးအောင်ကို၏ ကိုယ်ရေးအကျဉ်းတွင်မူ နေရပ်လိပ်စာကို ရန်ကုန် မြို့ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဥယျာဉ်မြို့တော်ဟု ဖော်ပြထားပြီး သားသမီး ၃ ဦး ရှိကြောင်း၊ မွေးဖွားရာ ဇာတိမှာ မန္တ လေး တိုင်၊ ကျောက်ပန်းတောင်း ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

Loading