ယခုနှစ် ဘတ်ဂျက်တွင် မင်္ဂလာဈေး ပြန်လည်တည်ဆောက်မှု အရည်အသွေး ကြီးကြပ်စစ်ဆေးခ အနေဖြင့် ကျပ် သန်း ၆၆၀ အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က တောင်းခံထားခြင်း အပေါ် ရန်ကုန်တိုင်း လွှတ်တော် ၌ မေးခွန်း ထုတ်သည်။
၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို စက်တင်ဘာ ၂၆ ရက်နေ့က ဆွေးနွေးရာတွင် ကျောက်တံတားမြို့နယ် မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က မေးခွန်း ထုတ်ခြင်း ဖြစ်သည်။
YCDC ဈေးများဌာန၏ ဘတ်ဂျက် ယခင်လျာထားမှုတွင် ကျပ်သန်း ၂၅၅၀ ဖြစ်သော်လည်း ယခုပြန်လည် တင်ပြချက်တွင် ကျပ် သန်း ၃၂၁၀ ဖြစ်လာကာ မင်္ဂလာဈေးပြန်လည် တည်ဆောက်ခြင်း အရည်အသွေး ကြီးကြပ်စစ်ဆေးခ ပါဝင်လာခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ထောက်ပြခဲ့သည်။
ဒေါ်ကြည်ပြာက“ဈေးများဌာနမှာတော့ ယခင်လျာထားတာက ၂၅၅၀ သန်းပဲရှိပါတယ်။ အခု ၃၂၁၀ သန်း ဖြစ်သွားပါတယ်။ အဲဒါကို ပြန်ကြည့်လိုက်တဲ့အခါ မင်္ဂလာဈေး ပြန်လည်တည်ဆောက်ခြင်း အရည်အသွေး ကြီးကြပ်စစ်ဆေးခကို သန်း ၆၆၀ ထည့်ထားတာ တွေ့ရပါတယ် (သိန်းပေါင်း ၆၆၀၀) ပါ။ သိန်းပေါင်း ၆၆၀၀ ကုန်သလားဆိုတာ ကျမတို့ သိလိုပါတယ်”ဟု ပြောသည်။
ထို့ပြင် YCDC အနေဖြင့် လမ်းခင်းခြင်းများနှင့် ပတ်သက်ပြီး နဂို လျာထားချက်တွင် ကျပ်သန်း ၄ သောင်းကျော် ဖြစ်သော် လည်း ယခု အတည်ပြုမည့် စာရင်းတွင် ကျပ်သန်း ၁ သောင်း နီးပါး တိုးလာတာကိုလည်း တွေ့ရကြောင်း ဒေါ်ကြည်ပြာက ဆိုသည်။
မင်္ဂလာဈေးကို ၁၉၉၈ ခုနှစ် ဇူလိုင် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် မေလတွင် ပထမအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင် ကျွမ်းခဲ့ရာ စုစုပေါင်း ကျပ် သိန်းပေါင်း ၃၆၀၆၀၂ ပျက်စီး ဆုံးရှုံးခဲ့သည်။
ထိုသို့ မီးလောင် သွားသော မင်္ဂလာဈေး အသစ် ပြန်လည် ဆောက်လုပ်ရန် အတွက် ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း အစိုးရ တာဝန်ရှိသူများက ပန္နက်တင် မင်္ဂလာ ပြုလုပ်ခဲ့သည်။