သြဂုတ်လက မြန်မာရေပိုင်နက်ထဲသို့ လာရောက် စွန့်ပစ်သွားသည့် လူသူမပါသော သင်္ဘောဟောင်းသည် ယခုအခါ နစ်မြှပ်သွားပြီဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံမှ Sam Ratulangi PB 1600 ဟု မှတ်ပုံတင်ထားကြောင်း ဖော်ထုတ်သိရှိရသော အဆိုပါသင်္ဘောသည် စစ်တောင်းမြစ်ဝအနီးတွင် ပြီးခဲ့သည့်သြဂုတ်လက စွန့်ပစ်မျောပါလာခဲ့ပြီး သောင်တင်နေခဲ့သည်။
သင်္ဘောကို တွေ့ရှိပြီးနောက် မြန်မာ အာဏာပိုင်များက သင်္ဘောကို စစ်ဆေးကြည့်ရှုရာ သင်္ဘောတစင်းလုံး ပျက်စီးယိုယွင်းနေသဖြင့် စွန့်ပစ်လိုက်ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ တစ္ဆေသင်္ဘောသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောအဟောင်းအပျက်များ ဖျက်ဆီးရာ သင်္ဘောကျင်းသို့ အခြားဆွဲသင်္ဘောတစင်းဖြင့် ဆွဲယူလာစဉ် ရာသီဥတု ဆိုးဝါးမှုကြောင့် ကြိုးပျက်ကာ ဆွဲသင်္ဘောမှ ဝန်ထမ်းများက စွန့်ပစ်လိုက်ပြီးနောက် မြန်မာရေပိုင်နက်ထဲ မျောပါလာခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
အောက်တိုဘာလ ၁ ရက်က ယင်းသင်္ဘောပျက်သည် ရန်ကုန်ကမ်းရိုးတန်း မုတ္တမပင်လယ်ကွေ့ထဲတွင် နစ်မြုပ်သွားခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက ယခုရက်သတ္တပတ်တွင် သတင်းထုတ်ပြန်သည်။
မည်သို့မည်ပုံ ရေထဲမြုပ်သွားသည်ကိုမူ လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဆက်စပ်ဖတ်ရှုရန် – မြန်မာ့ရေပိုင်နက်အတွင်း သောင်တင်နေသည့် သင်္ဘောကိစ္စ တရားစွဲရန် ပြင်ဆင်