မွန်ပြည်နယ် ကျိုက်ထီးရိုး စေတီ ရင်ပြင်ပေါ်ရှိ အလှူခံပုံးမှ ငွေများကို ခိုးယူသူများမှာ ဂေါပက ဝန်ထမ်းများ ဖြစ်ကြပြီး အကြွေးဆပ်စရာ ရှိနေသဖြင့် ခိုးယူခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့က သိရသည်။
ကျိုက်ထီးရိုး ရင်ပြင်တော် ကျောက်လုံးကြီး အရှေ့လေးမျက်နှာ တန်ဆောင်းအတွင်း ထားရှိသည့် အလှူခံပုံး ၁၀ ပုံး အနက် ရွှေစင်ရွှေပြား စာတမ်းပါ အလှူခံပုံး ၁ ပုံးမှာ စက်တင်ဘာလ ၂၅ ရက် နံနက် ၁ နာရီခန့်က ခိုးယူ ခံခဲ့ရခြင်း ဖြစ် သည်။
ယင်းဖြစ်စဉ်တွင် သံသယ တရားခံများ အဖြစ် ဂေါပက အဖွဲ့ ဝန်ထမ်းများအား စစ်ဆေးခဲ့ရာ ခိုးယူခဲ့သူများမှာ လက်ရှိ ကျိုက်ထီးရိုး ဂေါပက ဝန်ထမ်း (လုံ/စည်း) ချမ်းမြေ့လင်းနှင့် ယခင် ကျိုက်ထီးရိုး ဂေါပက ဝန်ထမ်း (လုံ/စည်းဟောင်း) ဦးသန့်ဇော်ခိုင် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။
ကျိုက်ထိုမြို့မ ရဲစခန်းတွင် ချမ်းမြေ့လင်းကို စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁၀ ရက် အထိ ချုပ်မိန့် ရမန်ယူ စစ် ဆေးခဲ့ပြီး ဦးသန့်ဇော်ခိုင်ကို အောက်တိုဘာ ၃ ရက်မှ ၁၀ ရက် အထိ ချုပ်မိန့် ရမန်ယူ၍ စစ်ဆေးရာမှ ပေါ်ပေါက်ခြင်း ဖြစ် သည်ဟု ဆိုသည်။
အလှူခံပုံး ခိုးယူရာတွင် ဦးသန့်ဇော်ခိုင်က ခိုးယူချိန်၌ လုံခြုံရေး ကင်းတာဝန်ကျသော ချမ်းမြေ့လင်းက လူစောင့် လုပ်ပေး ခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။
ဦးသန့်ဇော်ခိုင်သည် အလှူခံပုံးများအား ပတ်ချည်ထားသည့် ကြိုးကို ဆည်းလည်း ညောင်ရွက်သံပြားဖြင့် ဖြတ်တောက် ခိုးယူ၍ ရိုးရိုးလေး ဟိုတယ် အပေါ်ထပ်ရှိ သော့ခတ်ထားခြင်း မရှိသော ပြုပြင်ဆဲ ကော်ဖီဘား အတွင်း အလှူခံပုံးမှန်ကို အုတ်ခဲဖြင့် ထုခွဲကာ အလှူခံပုံးမှ ငွေများကို ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထည့်ယူဆောင်ခဲ့ပြီးနောက် ခိုးယူငွေ တချို့ကို တိဿဆောင် အရှေ့တွင် လုံခြုံရေး တာဝန်ကျ ချမ်းမြေ့လင်းအား ပေးခဲ့ကြောင်းလည်း ရဲမှတ်တမ်း တွင် ပါရှိသည်။
ဦးသန့်ဇော်ခိုင်ပေးသော ခိုးယူငွေများကို ဂေါပက ဝန်ထမ်း လိုင်းခန်း အတွင်းရှိ သံသေတ္တာထဲတွင် သိမ်းဆည်းထား ကြောင်း ချမ်းမြေ့လင်းက ထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့က ရှာဖွေမှု ပြုလုပ်ရာတွင် ၁ သောင်းတန် ငွေစက္ကူ ၆ ရွက်၊ ၅ ထောင် တန် ငွေစက္ကူ ၇ ရွက် စုစုပေါင်း ငွေတန်ဖိုး ၉၅၀၀၀ ကျပ်နှင့် ထိုင်းဘတ်ငွေ ၂၀ တန် ၁ ရွက် တို့ကို ရှာဖွေ တွေ့ရှိ ခဲ့သည်။
ရဲတပ်ဖွဲ့က ဦးသန့်ဇော်ခိုင်ကို စစ်ဆေးမှု ပြုလုပ်ရာတွင် အကြွေးဆပ်ရန် ရှိခြင်းကြောင့် ဘုရားအလှူခံပုံးကို ခိုးယူခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုချက် အရ ၎င်းအကြွေးဆပ်ခဲ့သူ ၇ ဦးထံမှ ငွေ ၂၄၁၀၀၀ ကျပ် တို့ကို အောက်တိုဘာလ ၆ ရက် က သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဘုရားအလှူခံပုံး ခိုးယူမှုနှင့် ပတ်သက်၍ ကင်းမွန်းချောင်း နယ်မြေ ရဲစခန်းတွင် ခိုးမှု အတွက် ပြစ်ဒဏ် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၉ အရ အမှုဖွင့် ထားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။