သက်ကြီး ပန်းချီဆရာကြီးများ ပူဇော်ကန့်တော့ပွဲကို မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ရေဆေးပန်းချီ ဆရာများအသင်း (မန္တလေး) က ဦးဆောင်၍ မန္တလေးတောင် ပန်းချီပြခန်း၌ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သက်ကြီး ပန်းချီဆရာများ၏ အတွေ့အကြုံနှင့် ပညာရပ်ပိုင်းဆိုင်ရာများကို လူငယ်များထံ ဝေငှနိုင်ရန်အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ပြီး မန္တလေး ရေဆေးပန်းချီဆရာအသင်း၏ ၁၆ ကြိမ်မြောက် ပန်းချီပြပွဲကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဟု သိရသည်။
“မန္တလေးမြို့မှာ ရှိကြတဲ့ သက်ကြီးပန်းချီ ဆရာကြီးတွေ ဂါရဝပြု ပူဇော်ကန်တော့ပွဲကို ဒီနှစ်မှ ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်တာပါ။ သက်ကြီး ပန်းချီဆရာကြီးတွေနဲ့ မျိုးဆက်သစ် ပန်းချီဆရာတွေကို တွေ့ဆုံပေးပြီး ဆရာကြီးတွေဆီက အတွေ့အကြုံတွေနဲ့ ပန်းချီပညာရပ်တွေကို လေ့လာ ဆည်းပူးနိုင်ဖို့အတွက် အဓိက ရည်ရွယ်ပါတယ်” ဟု မြန်မာနိုင်ငံ ရေဆေးပန်းချီဆရာ အသင်း နာယက ဦးဇော်ဝင်း(သစ်ထွင်း) က ပြောသည်။
၎င်းက သက်ကြီး ပူဇော်ပွဲတွင် ကန်တော့ခံအဖြစ် အသက် ၇၅ နှစ်အထက် ပညာရှင်များကို ရွေးချယ်ထားပြီး ၁၀ ဦးခန့် ရှိကာ ယင်းထဲတွင် အမျိုးသမီး သက်ကြီးပန်းချီဆရာမ တဦးလည်း ပါဝင်မည်ဟု ဆိုသည်။
ပန်းချီပြပွဲတွင် မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းရှိ အသင်းဝင်များက တဦးလျှင် နှစ်ကားနှုန်းဖြင့် ပါဝင်ပြသနိုင်ရန် စီစဉ်ထားပြီး အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပန်းချီပညာရပ်ဆိုင်ရာ ဟောပြောပွဲများနှင့် လက်တွေ့ သရုပ်ပြ ရေးဆွဲခြင်း အစီအစဉ်များကိုလည်း ထည့်သွင်း ပြုလုပ်ရန် စီစဉ်ထားသည်။
“ဟောပြောပွဲနဲ့လက်တွေ့ ရေးဆွဲပြသတာလည်း ထည့်သွင်းထားပါတယ်။ ဟောပြောမှာက အသင်းက ဆရာကြီးတွေက ပန်းချီပညာရပ်နဲ့ ပက်သက်တာတွေကို ဟောပြောပို့ချသွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်ဝင်း က ဆိုသည်။
ပြပွဲတွင် ဝင်ရောက်ပြသမည့် ပန်းချီကားများကို သက်ကြီး ပန်းချီဆရာများက အကဲဖြတ် ရွေးချယ်ကာ ယင်းထဲမှ အကောင်းဆုံး ပန်းချီ ၃ ကားကို ဆု ချီးမြှင့်သွားမည် ဖြစ်သည်ဟု သိရသည်။