သတင်းတို

မြင်းခြံတွင် ကြံ့ခိုင်ရေး မဲဆွယ် ဆိုင်းဘုတ် ဖျက်ဆီးခံရ

မန္တလေးတိုင်း မြင်းခြံမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) က စိုက်ထူထားသည့် မဲဆွယ် စည်းရုံးရေး ဆိုင်းဘုတ် အောက်တိုဘာလ ၇ ရက်က ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မြင်းခြံ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ သန်းဝင်းနှင့် ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးပုံပါ စည်းရုံးရေး ဆိုင်းဘုတ်များကို ဖြဲဆုတ် ခြင်း၊ မျက်နှာနေရာအား ဆေးမည်း သုတ်၍ ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါက်တာ သန်းဝင်းက“ဓာတ်ပုံ ကြည့်လိုက်တော့ ကျနော့်ပုံက ဓာတ်ပုံပဲ ဖြဲထားတာ။ ဦးသန်းဌေးပုံကိုတော့ ဆေးမည်း တွေ သုတ်ထားတယ်။ လုပ်တဲ့သူကို ကျနော်လည်း သိသင့်သလောက် သိသော်လည်း တရားလည်း မစွဲဘူး။ အရေး လည်း မယူဘူး။ ပါတီက စွဲမယ်ဆိုလည်း ကျနော်က အစွဲမခံဘူး”ဟု ပြောသည်။

၎င်းက မဲဆွယ် စည်းရုံးရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရသော်လည်း မိမိနေထိုင်သည့် မြို့ဖြစ်၍ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ယုံကြည်ထားကြောင်းနှင့် တိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်မည် မဟုတ်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးပေါခင် အရွေးချယ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့သည့်အတွက် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ်အဖြစ် ပါဝင်လာခြင်း ဖြစ်သည်။

ပါတီ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးမှုမှာ ဂုဏ်သိက္ခာမရှိသည့် ယှဉ်ပြိုင်မှုမျိုး ဖြစ်ပြီး ဒီမိုကရေစီစနစ်ကိုပါ ဖျက်ဆီး စေသည့် လုပ်ရပ်ဖြစ်ကြောင်း ကြံ့ခိုင်ရေး ပါတီဘက်က တုံ့ပြန်ထားသည်။

ကြံ့ခိုင်ရေး ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက“ဒီမိုကရေစီဆိုတာ ဂုဏ်သိက္ခာရှိရှိ တရားသဖြင့် ရင်ဆိုင်ရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ဒီလိုလုပ်ဆောင်နေသူများကို ကျနော်တို့က နေပြီးတော့ ပြင်းထန်စွာ ရှုတ်ချပါတယ်။ ကန့်ကွက် ပါတယ်လို့ ပြောချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ပါတီ ၄ ခု ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

၎င်းတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးစိန်မြင့်၊ ကြံ့ခိုင်ရေး ပါတီမှ ဒေါက်တာ သန်းဝင်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPN) မှ ဦးဖြိုးဟန်နှင့် ပြည်သူ့ အလုပ်သမား ပါတီ (PLP) မှ ဦးရဲကျော်အောင်တို့ ဖြစ်သည်။

လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ်ပေါင်း ၁၃ နေရာရှိပြီး စက်တင်ဘာလ ၃ ရက်မှစကာ ပါတီ မဲဆွယ် စည်းရုံးမှုများကို စတင် လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း သိရသည်။

လစ်လပ် မဲဆန္ဒနယ် ၁၃ ခုမှာ ပြည်သူ့လွှတ်တော် အတွက် တာမွေ၊ မြင်းခြံ၊ ကန်ပက်လက်နှင့် လဲချား၊ အမျိုးသား လွှတ်တော် အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် (၂)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်း (ရန်ကုန်) နှင့် မန္တလေးတိုင်းအတွက် ရှမ်း တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်တို့ ဖြစ်သည်။

လက်ရှိ အာဏာရ NLD ပါတီအနေဖြင့် လစ်လပ်နေရာ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကာ ကြံ့ခိုင်ရေး ပါတီ ကမူ တိုင်းရင်းသား နယ်မြေများမှအပ ကျန်နေရာအားလုံးတွင် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု သိရသည်။

Loading