ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်ရှိ နေပြည်တော် မှန်ဆိုင်တွင် သိုလှောင်ထားသော ကာလတန်ကြေး ၂၉ သိန်းခန့် တန်ဖိုးရှိ တရားမဝင် မီးရှူးမီးပန်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဒေသအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ ယင်းမှန်ဆိုင်အား ရှာဖွေခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ၂,၈၈၈,၅၀၀ (ကျပ် ၂၉ သိန်းခန့်) တန်ကြေးရှိ ဗျောက်အိုး၊ မီးရှူးမီးပန်း၊ ဗျောက်အိုး စသည့် ပစ္စည်းမျိုးစုံ ၁၉ မျိုး၊နှင့်အတူ ပိုင်ရှင်ဖြစ်သူ ဦးအောင်နိုင်အား ဖမ်းဆီးမိခဲ့ကြောင်း ပုသိမ်မြို့ နယ်မြေရဲစခန်းထံမှ သိရသည်။
ပုသိမ်မြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်စိုးအောင်က “ဒီဖမ်းဆီးမှုက ပုသိမ်မှာ အများဆုံး ဖမ်းမိတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒီတဆိုင်ထဲ ဖမ်းတာ မဟုတ်ပါဘူး။ မီးရှူးမီးပန်း ရောင်းချတဲ့ တခြားသော လက်လီလက်ကား ဆိုင်များကိုလည်း သတင်းရတဲ့အပေါ် မူတည်ပြီး ဖမ်းဆီးမှုတွေ ဆက်လုပ်သွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
မှန်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်နိုင်ကို ပေါက်ကွဲစေတတ်သည့် အရာဝတ္ထုနှင့် စပ်လျဉ်း၍ ပေါ့လျော့ခြင်းဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့် စစ်ဆေးမှုများ ပြုလုပ်နေပြီး တရားစွဲဆိုမှု ပြုလုပ်သွားမည်ဟု ပုသိမ် နယ်မြေရဲစခန်းထံမှ သိရသည်။
ပုဒ်မ ၂၈၆ တွင် ပြစ်မှုထင်ရှားပါက သုံးနှစ်အထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဧရာဝတီတိုင်းအတွင်း မီးရှူး မီးပန်း၊ ဗြောက်အိုး၊ မီးအိုး၊ ရှူးဒိုင်းနှင့် ပေသီးတို့အား ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေ အရ ထိရောက်စွာ အရေးယူသွားမည်ဟု တိုင်းအစိုးရအဖွဲ့က အောက်တိုဘာလ ပထမပတ်မှ စတင်ကာာ ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်ဟု သိရသည်။