တရားမဝင် ဒေါ်လာဈေး ကစားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း တွဲဘက်စာရင်းစစ်ဖြစ်သူ ဦးညီညီဦး (ခ) လှလေးစိန်ကို အောက်တိုဘာလ ၁၆ ရက်က အရေးယူလိုက်ကြောင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စ သုံးလုံး) က အတည်ပြု ပြောဆိုလိုက်သည်။
စသုံးလုံး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက “ကျနော်တို့ ဦးညီညီဦး (ခ) လှလေးစိန်ကို ကျနော်တို့ ဒီနေ့ပဲ ပန်းပဲတန်းရဲစခန်းမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ နဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မည်ကဲ့သို့ ဖမ်းဆီးခဲ့သည်ကိုမူ အသေးစိတ် ပြောပြခြင်း မရှိသော်လည်း ဒေါ်လာငွေကြေးကစားသူများကို ထပ်မံဖမ်းဆီးနိုင်ရန် စစ်ဆေးစုံစမ်းမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
၎င်းက ဆက်လက်ပြီး “အခုက ပေါင်း ၆ ယောက်ဖြစ်သွားပြီ။ ပထမလူ ၅ ယောက်ကိုတော့ ပုဒ်မ ၃၈၊ ပုဒ်မ ၃၉ နဲ့ စွဲတယ်။ ပုဒ်မ ၃၈ ဆိုတာက နိုင်ငံခြားသုံးငွေ လုပ်ငန်းလိုင်စင် မရှိပဲနဲ့ နိုင်ငံခြားသုံးငွေကို လုပ်ငန်းလုပ်လို့ ဖြစ်တယ်။ ပုဒ်မ ၃၈ နဲ့ တားမြစ်တယ်။ နောက်တခုကတော့ ပုဒ်မ ၃၉ က လိုင်စင်က သတ်မှတ်တဲ့အတိုင်း သတ်မှတ်ချက်ကို မလိုက်နာရင် စွဲတာဖြစ်တယ်။ အဲဒီမှာမှ ကျနော်တို့က ပုဒ်မ ၃၈ ကိုမလိုက်နာရင် ပုဒ်မ ၄၂ နဲ့ ဖွင့်တယ်။ ပုဒ်မ ၃၉ မလိုက်နာရင် ပုဒ်မ ၄၃ နဲ့ ဖွင့်တယ်”ဟုရှင်းပြသည်။
အဆိုပါ ဒေါ်လာဈေး ကစားသူ ၅ ဦးကို စက်တင်ဘာလ နောက်ဆုံးတပတ်မှ စတင်၍ ရန်ကုန်မြို့ရှိ ပန်းပဲတန်း၊ ကျောက်တံတား၊ ပုဇွန်ထောင်မြို့နယ် ရဲစခန်းများတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈၊ ၃၉ နှင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ယနေ့ တဦးပါလျှင် စုစုပေါင်း ၆ ဦးကို အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ကျူးလွန်သူများကို ၃ နှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ဒေါ်လာဈေးကစားသူများကြောင့် အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၆၀၀ ကျော်အထိ ရှိခဲ့ပြီး ယင်း၏ နောက်ဆက်တွဲအနေနှင့် အခြေခံစားသောက်ကုန်ဈေးများ၊ စက်သုံးဆီများ၊ ဆေးဝါးများ၊ ရွှေဈေးနှုန်းများနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်မှုဒဏ်ကို ပြည်သူများ ခံစားခဲ့ရသည်။
ထို့ကြောင့် ယင်းရက်ပိုင်းတွင် နေပြည်တော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဒေါ်လာဈေး ကစားသူ အနည်းငယ်သာရှိပြီး ၎င်းတို့ကို စုံစမ်းနေကြောင်း၊ သတင်းအချက်အလက် တိကျစွာ ရပါက အရေးယူမှု လုပ်မည်ဟု ပြောဆိုခဲ့သည်။
ယင်းနောက် စက်တင်ဘာလ ၂၅ ရက်တွင် ဒေါ်လာဈေးကစားသူ ၅ ဦးကို စသုံးလုံးအဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ရွှေနှင့် ဒေါ်လာဈေးကွက် ခေတ္တ ရပ်ဆိုင်းသွားခဲ့သည်။
လက်ရှိတွင် ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးမှာ အနည်းငယ် ပြန်လည်မြင့်တက်လျက်ရှိပြီး အောက်တိုဘာလ ၁၆ ရက်တွင် ပြင်ပပုဂ္ဂလိကဘဏ်များတွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၅၈၃ ကျပ်ဖြစ်၍ ပြည်တွင်းရွှေဈေး အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ဆယ်သိန်း နှစ်သောင်း သုံးထောင်ဖြင့် ရောင်းဝယ်လျက် ရှိသည်။