ကချင်ပြည်နယ် ဆော့လောမြို့နယ် လာချင်ဒေသမှ ရေဘေးသင့် ကျောင်းသား/သူများကို ပြုစုစောင့်ရှောက် ထားသည့် ဂေဟာအား စားနပ်ရိက္ခာ အပါအဝင် စာအုပ်နှင့် အခြားလိုအပ်သော ပစ္စည်းများကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက်က ကချင်ပြည်နယ် နေ့ချင်းပြန် ခရီးစဉ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည် စခန်းတချို့နှင့် တောင်တန်းဒေသ ကျောင်းသား/သူများ ပြုစု စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ကာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ အနေဖြင့် စားနပ်ရိက္ခာ၊ စောင်နှင့် စာအုပ်များ၊ ကျောင်းသား/သူများအတွက် ကျောပိုးအိတ်များ ထောက်ပံ့ပေးခဲ့ သည်။
တောင်းတန်ဒေသ ကျောင်းသား/သူများ ပြုစုစောင့်ရှောက်ရေးဂေဟာ ဒုတာဝန်ခံနှင့် ကချင်ပြည်နယ် လွှတ်တော် ကိုယ် စားလှယ် ဒေါ်ခေါ်မာဝူက“ဒီနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လာတာပေါ့နော်။ လာပြီးတော့ အစ်မတို့ တောင်တန်း ဒေသ ကျောင်းသား/သူများ ပြုစု စောင့်ရှောက်ရေး ဂေဟာက ကလေးတွေနဲ့ အတူတူ ထမင်းစားတယ်။ ကလေးတွေ နဲ့ တွေ့ဆုံတယ်။ ပြီးတော့ ဆန်၊ ဆီ၊ ဆား၊ စောင်၊ စာအုပ်တွေ လှူဒါန်းသွားတယ်”ဟု ပြောသည်။
ထို့ပြင် ကွန်ပျူတာနှင့် ငွေကြေးများလည်း ထောက်ပံ့ခဲ့ကာ ထောက်ပံ့မှုစုစုပေါင်း ကျပ်သိန်း ၁၀၃ သိန်းကျော် ရှိသည်ဟု လည်း ဆိုသည်။
တောင်တန်းဒေသ ကျောင်းသား/သူများ ပြုစု စောင့်ရှောက်ရေး ဂေဟာကို ၂၀၁၆ ခုနှစ်က ဆော့လော် မြို့နယ် လာချင် ကျေးရွာ အုပ်စု အတွင်း ရေကြီးရေလျှံမှုမှတဆင့် ရေဘေးဒဏ် ခံခဲ့ရသည့် ကျောင်းသူ/သား ၁၁၉ ဦးကို စောင့်ရှောက်ထား ရာမှ ၂၀၁၆ ခုနှစ် မေလတွင် ဂေဟာအဖြစ် စတင် ထူထောင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂေဟာတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းတို့ ဖွင့်လှစ်ထားပြီး ယခု ပညာသင်နှစ်တွင် သင်ကြားသူ ကျောင်းသား/သူပေါင်း ၁၀၆ ဦး ရှိသည်ဟု ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ပြော သည်။
“ဂေဟာရဲ့ မျှော်မှန်းချက်က အနာဂတ် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေးပဲ ဖြစ်ပါတယ်။ ဒီပညာသင်နှစ်မှာ ဒသမတန်း ကျောင်းသူ ၃ ဦး မြတ်ပါရမီ ကိုယ်ပိုင်ကျောင်းမှာ အခမဲ့ပညာ သင်ကြားခွင့် ရထားပါတယ်။ တချို့ကိုလည်း ဒေါ်ခင်ကြည် ဖောင်းဒေးရှင်းက ဖွင့်လှစ်ထားတဲ့ စက်ချုပ် သင်တန်းကျောင်း ကိုလည်း သင်တန်းသူ ၃ ဦး စက်ချုပ်ပညာ သင်ကြား ဖို့ စေလွှတ်ခဲ့ပါတယ်။ အခု အဲဒီ သင်တန်းသူလေးတွေ မိဘမဲ့ ကျောင်းနဲ့ စစ်ဘေးရှောင် စခန်းတွင်းမှာ စက်ချုပ် ပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေကြပါတယ်။ ပြီးတော့ ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ ဆေးဝါးကျွမ်းကျင် သင်တန်း ကျောင်းမှာ ဆေးဝါးကျွမ်းကျင် သင်ဖို့ ၁ ဦး ပို့ပေးထားပါတယ်”ဟု ဒေါ်ခေါ်မာဝူက ပြောသည်။
လက်ရှိတွင် အဆိုပါ ဂေဟာမှ အားကစား ထူးချွန်သူများလည်း ထွက်ပေါ်လျက် ရှိရာ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်မှ မြားပစ် အားကစားသမား ၂ ဦး ရွေးချယ်ထားပြီး ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ အားကစား အကယ်ဒမီ ကျောင်းသို့ စေလွှတ်ရန် ၅ ဦး ရွေးချယ်ခံထားရသည်ဟု သိရသည်။