နိုဝင်ဘာလ ကြားဖြတ် ရွေးကောက်ပွဲတွင် ရခိုင်နှင့် ရှမ်းပြည်နယ်ရှိ လစ်လပ်မဲဆန္ဒနယ် အတွက် စိုးရိမ်မှုရှိကြောင်း မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
အောက်တိုဘာလ ၂၂ ရက်က တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် ပါဝင်သည့် အဖွဲ့အစည်းများအား ဂုဏ်ပြုသည့် အခမ်းအနားအပြီး မီဒီယာများကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင်က“တိုင်းရင်းသားဒေသတွေ ဖြစ်တယ်၊ ဘာသာစကား မပေါက်တဲ့အပြင် တခြားသော ဖိအားလေးတွေလည်း ရှိနေတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီ ဒေသနှစ်ခုက အားနည်းချက်ရှိတာ အမှန်ပါပဲ။ ချင်းလည်း အစကတော့ နည်းနည်း အခက်အခဲရှိပေမယ့် အခု တော်တော်လေး အခြေအနေကောင်းလာပြီလို့ ပြောလို့ရမယ်။ ကရင်မှာလည်း ဒီလိုပဲ”ဟု ပြောသည်။
နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိရာ NLD က နေရာ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဆိုသည်။
ယင်းလစ်လပ် မဲဆန္ဒနယ်များမှာ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၂)၊ ပြည်သူ့လွှတ်တော်တွင် ကန်ပက်လက်၊ မြင်းခြံ၊ တာမွေ၊ လဲချား၊ တိုင်း/ပြည်နယ် လွှတ်တော်တွင် မတူပီ(၁)၊ တမူး(၂)၊ အုတ်တွင်း(၁)၊ မင်းဘူး (၂)၊ သပိတ်ကျင်း(၁)၊ ရသေ့တောင်(၂)၊ ဆိပ်ကမ်း(၂) နှင့် ရှမ်းတိုင်းရင်းသား လူမျိုးလွှတ်တော်တို့ ဖြစ်ပြီး နိုင်ငံရေး ပါတီပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ် ၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က“စောစောပိုင်း ကိုယ်စားလှယ်တွေ ကိုယ်တိုင်လည်း တော်တော် စိုးရိမ်ကြတယ်။ အခုတော့ ဗဟိုက စည်းရုံးရေး သွားဆင်းတာတွေရှိတော့ အားတက်လာကြပါပြီ။ ဒီတခေါက် တိုင်းရင်းသား ဒေသတွေမှာ သူတို့ဘာသာ စကားနဲ့ စည်းရုံးရေးဆင်းပါတယ်။ ဆိုလိုတာကတော့ NLD မှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သလို တိုင်းရင်းသား အရေးကို လုပ်လို့ရတယ်ဆိုတာ ပြချင်တဲ့သဘောပါ”ဟု ဆိုသည်။
လက်ရှိ တိုင်းရင်းသားဒေသ မဲဆန္ဒနယ်များတွင် ဒေသဘာသာစကား ကျွမ်းကျင်သည့် ပါတီဝင်များဖြင့် ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းများကို ပါတီဗဟိုအဆင့် တာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်း လုပ်ဆောင်လျက် ရှိကြောင်း သိရ သည်။
“စိန်ခေါ်မှုများတယ် ဆိုပေမယ့် အဓိကကတော့ ပြည်သူ့အဆုံးအဖြတ်ပါပဲ။ ကျနော်တို့က ပြည်သူတွေ ဆုံးဖြတ်တာ ကိုပဲ လက်ခံရမှာပါပဲ”ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်က ပါတီခေါင်းဆောင်ဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ကချင် နေ့ချင်းပြန် ခရီးစဉ်တွင် ပါတီ မဲဆွယ်ခရီးစဉ် ဖြစ်ကြောင်း ဒေသခံပါတီများက ဝေဖန်ထားကြပြီး NLD ဘက်ကမူ မဲဆွယ်မှု မဟုတ်ကြောင်း ငြင်းဆိုထားသည်။