သတင်းတို

တနင်္သာရီ ဂျာနယ်အမှု ချေဖျက်ရန် လျှောက်ထားချက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပလပ်

မဲဆွယ်အပြုံး အမည်ရ သရော်စာ ဖော်ပြသည့် တနင်္သာရီ အပတ်စဉ် ဂျာနယ်ကို တနင်္သာရီတိုင်း အစိုးရအဖွဲ့က တရားစွဲ ဆိုထားခြင်းအား ချေဖျက်ပေးရန် လျှောက်ထားမှုကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပလပ်လိုက် ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့က လျှောက်ထားမှု ပြုလုပ်ခဲ့ခြင်းကို အောက်တိုဘာ ၂၆ ရက် နံနက်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် လက်ခံသင့်မသင့် လျှောက်လဲချက် ကြားနာပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တနင်္သာရီ ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က “ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ကျနော်တို့ ဒီအမှုကို ချေ ဖျက်ပေးဖို့ ပြင်ဆင် လျှောက်ထားတာနဲ့ ပတ်သက်လို့ ဒီနေ့မှာ (အောက်တိုဘာ ၂၆ ရက်) လက်ခံသင့်မသင့် လျှောက်လဲချက် ပေးပြီးတော့မှ ပလပ် လိုက် တယ် ဆိုပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်လိုက်တယ်”ဟု ဧရာဝတီကို ပြောသည်။

ယင်းသို့ ဆုံးဖြတ်လိုက်သည့်အတွက် အမှုကို ထားဝယ်မြို့နယ် တရားရုံးတွင် ဆက်လက် စစ်ဆေးရမည်ဟုလည်း ၎င်းက ဆိုသည်။

တနင်္သာရီအပတ်စဉ် ဂျာနယ်တွင် မဲဆွယ်အပြုံး အမည်ရ သရော်စာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် ထားဝယ်မြို့နယ် တရားရုံး၌ အောက်တိုဘာ ၁ ရက်က ဆုံးဖြတ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက် ရုံးချိန်းတွင် ပြန်ခေါ် သက်သေတဦးကို စစ်ဆေးခဲ့ကာ လာမည့် အောက်တိုဘာ ၂၉ ရက် ရုံးချိန်းတွင် ကျန်ရှိနေ သေးသည့် ပြန်ခေါ် သက်သေတဦးကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဦးမျိုးအောင်က “အတိုင်းအတာတခုအထိ မျှော်လင့်ခဲ့တယ်။ မျှော်လင့်ခဲ့တယ် ဆိုတာက သက်ဆိုင်ရာ တိုင်းတရား လွှတ်တော်ထက် ပိုပြီး မျှော်လင့်ခဲ့တာ။ ပြည်ထောင်စု အဆင့်ဆိုတော့။ ဒါပေမယ့် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူး ဆိုတော့ လက်ရှိ ရှိနေတဲ့အတိုင်း ရင်ဆိုင်သွားရတော့မှာပေါ့။ အားကတော့ လျှော့လို့မှ မရတာ”ဟု ပြောသည်။

စွပ်စွဲခံရသူ အနေဖြင့် ယင်းအမှုအား ချေဖျက်ပေးရန် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်သို့ ဇွန် ၂၁ ရက်က တင်ခဲ့ သော်လည်း ဇူလိုင် ၃၁ ရက်တွင် တိုင်းတရားလွှတ်တော်က ပလပ် (ပယ်ချ) လိုက်ကြောင်း အမိန့်ချမှတ်ခဲ့ရာ နောက်ဆုံး အဆင့် အနေဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြင်ဆင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

၂၀၁၇ နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်းစဉ် ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေးရန် နိုဝင်ဘာ ၂၃ တွင် တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

Loading