မန္တလေးတိုင်း ဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ဌာနခွဲ စာရေးတို့ကို လာဘ်စားမှုဖြင့် အမှုဖွင့်ခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC) က ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုးက ပြောသည်။
ဦးကျော်စိုးက “သူတို့နှစ်ယောက်နဲ့ ပတ်သက်လို့ အဂတိ လိုက်စားကြောင်း စစ်ဆေး ပေါ်ပေါက်လို့ အရေးယူပေးဖို့ မန္တလေး တိုင်း အစိုးရအဖွဲ့က လွှဲစာပို့လာတာ။ လူပုဂ္ဂိုလ်အနေနဲ့ တိုင်လာတာ မဟုတ်ဘဲ အစိုးရ အဖွဲ့က တိုင်တာပါ” ဟု ပြောသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု ဘတ်ဂျက်ဖြင့် လုပ်ငန်း ပြီးစီးမှု အရ တင်ဒါအောင် ကုမ္ပဏီများအား ငွေ ထုတ်ပေးရာ၌ ၎င်းတို့ နှစ်ဦးမှ လုပ်ပိုင်ခွင့် အာဏာအား အလွဲသုံးစား ပြုကာ ကုမ္ပဏီများအား ပေးရမည့် ငွေများထဲမှ ငွေ ကျပ် ၁၀ ဒသမ၂၇၈ သန်းအား ရုံးစရိတ်/ငွေထုတ် စရိတ် အကြောင်းပြကာ အဂတိလိုက်စားခဲ့ကြောင်း စစ်ဆေး ပေါ် ပေါက်သည့် အတွက် အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ACC က ထုတ်ပြန်ထားသည်။
စစ်ဆေး တွေ့ရှိချက်နှင့် ပတ်သက်၍ တိုင်းဦးစီးမှူး၊ ဒု ညွန်ကြားရေးမှူး ဦးအောင်မြင့်ကျော်အား အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဌာနခွဲ စာရေး ဒေါ်သူဇာအား ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း ကနဦး တိုင် ချက် ဖွင့်ထားခြင်း ဖြစ်သည်။