ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ကျပ်သိန်း ၂၀၀၀၀ ခန့် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွမူးယစ် ဆေးပြား ၉ သိန်း ၇ သောင်း ၅ ထောင်ကို နိုဝင်ဘာလ ၁ ရက် နေ့လယ်ပိုင်းက ဖမ်းမိခဲ့ကြောင်း ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
စစ်တွေ – ဘူးသီးတောင် ပြေးဆွဲနေသည့် အောင်ကျော်မိုး သင်္ဘောပေါ်ရှိ ရေခဲပုံးများထဲတွင် ငါးများနှင့်အတူ အဆိုပါ ဆေးပြားများကို ရောထည့်ထားခြင်းဖြစ်ပြီး သတင်းအရ ရှာဖွေရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူဝင်းက“ကျနော်တို့ သတင်းအရ သင်္ဘောပေါ်သို့ သွားရောက် ရှာဖွေပါ တယ်။ အဲဒီမှာ ငါးနဲ့ရောပြီး ထည့်ထားတဲ့ ဆေးပြားတွေကို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ တရားခံကတော့ လောလောဆယ် မမိသေးဘူး။ စစ်တွေကနေ ကုန်ပစ္စည်းတင်ပို့တဲ့သူနဲ့ ဒီက လက်ခံမယ့်သူ၊ အဲဒါကိုတွေကို စုံစမ်းနေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
အောင်ကျော်မိုး သင်္ဘောမှာ စစ်တွေမှ ဘူးသီးတောင်သို့ ပုံမှန်ပြေးဆွဲနေသည့် ခရီးသည်နှင့် ကုန် နှစ်မျိုးလုံး တင်သည့် သင်္ဘောဖြစ်ပြီး လက်ရှိတွင် သင်္ဘော ကုန်တင်၊ ကုန်ပို့ တာဝန်ခံများအား စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ဘူးသီးတောင်တွင် သြဂုတ်လ ၂၅ ရက်ကလည်း ကျပ်သိန်း ၄၃၀၀၀ တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၄ သိန်း ကျော်၊ အောက်တိုဘာ ၂၂ ရက်တွင် ကျပ်သိန်း ၅၇၀၀၀ တန်ဖိုးရှိ ဆေးပြား ၂၉ သိန်းခန့်ကို စံချိန်တင် ဖမ်းမိထားခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ် အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ သြဂုတ် လလယ်ပိုင်းအထိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အမှုပေါင်း ၁၂၄ မှု ရှိခဲ့ပြီး တရားခံ ၁၈၈ ဦးကို အမှုဖွင့် အရေးယူထားကြောင်း၊ WY နှင့် ဆေးခြောက် ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂၈၀၀ ခန့် ဖမ်းဆီးရမိခဲ့ကာ ယင်းသို့ ဖမ်းဆီးရမိသည့် အမှုများတွင် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် အများဆုံး ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။