မန္တလေးတိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရသူ တိုင်းဦးစီးမှူးအား နိုဝင်ဘာလ ၁ ရက်ထိ မဖမ်းဆီးနိုင်သေးကြောင်း မြစ်ငယ် နယ်မြေရဲစခန်းထံမှ သိရသည်။
“အဂတိအမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ငွေထုတ်သူအရာရှိ တိုင်းဦး စီးမှူးကို ဖမ်းဆီးရမိ ခြင်း မရှိသေးပါဘူး၊ စာရေးမ တစ်ဦးပဲ ဖမ်းမိသေးတယ်၊ ငွေထုတ်အရာရှိက ထွက်ပြေးတိမ်းရှောင်နေပါတယ်၊ သူ့အိမ်မှာ လည်း မရှိပါဘူး၊ သူ့ကို အမြန်ဆုံး ဖမ်းမိဖို့ စုံစမ်းရှာဖွေ နေဆဲ ဖြစ်ပါတယ်” ဟု မြစ်ငယ် နယ်မြေခံရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။
မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေထုတ်သူ အရာရှိ တိုင်းဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နင့် ဌာနခွဲစာရေး ဒေါ်သူဇာတို့ကို အဂတိ လိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင် (ACC)က လာဘ်စားမှု ဖြင့် အောက်တိုဘာ ၃၁ ရက်နေ့က အမှုဖွင့်ထားသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု ဘတ်ဂျက်ဖြင့် လုပ်ငန်း ပြီးစီးမှု အရ တင်ဒါအောင် ကုမ္ပဏီများအား ငွေ ထုတ်ပေးရာ၌ ၎င်းတို့ နှစ်ဦးမှ လုပ်ပိုင်ခွင့် အာဏာအား အလွဲသုံးစား ပြုကာ ကုမ္ပဏီများအား ပေးရမည့် ငွေများထဲမှ ငွေ ကျပ် ၁၀ ဒသမ၂၇၈ သန်းအား ရုံးစရိတ်/ငွေထုတ် စရိတ် အကြောင်းပြကာ အဂတိလိုက်စားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည့်အတွက် အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ACC က ထုတ်ပြန်ထားသည်။
အဆိုပါကဲ့သို့ အဂတိလိုက်စားခဲ့ကြောင်း စစ်ဆေးတွေ့ရှိချက်ကို မန္တလေးတိုင်းအစိုးရအဖွဲ့က လွှဲစာ ပေးပို့ကာ တိုင်ကြားခဲ့ခြင်းကြောင့် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
စစ်ဆေး တွေ့ရှိချက်နှင့် ပတ်သက်၍ တိုင်းဦးစီးမှူး၊ ဒု ညွန်ကြားရေးမှူး ဦးအောင်မြင့်ကျော်အား အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဌာနခွဲ စာရေး ဒေါ်သူဇာအား ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း မြစ်ငယ်နယ်မြေရဲစခန်းတွင် ကနဦး တိုင်ချက်ဖွင့်လှစ်၍ အမှုဖွင့်ထားခြင်း ဖြစ်သည်။
ဆက်စပ်သတင်း – မန္တလေးတိုင်း ကျေးလက် လမ်းဦးစီးမှူးနှင့် စာရေး လာဘ်စားမှုဖြင့် အမှုဖွင့်ခံရ