ကြားဖြတ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနား အမှတ် (၂) လစ်လပ် မဲဆန္ဒနယ် အတွက် တပ်မတော်က ပေးခဲ့သည့် ကြိုတင်မဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ သိရှိလိုကြောင်း မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ ပါတီ ၃ ခုက စာတင်ထားသည်ဟု သိရသည်။
နိုဝင်ဘာလ ၃ ရက်က ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်အတွက် ပါတီ ၅ ခုနှင့် တသီးပုဂ္ဂလ ၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့ အနိုင်ရရှိရာတွင် ၎င်းရရှိခဲ့သည့် ကြိုတင်မဲ ၅၀၀၀ ကျော်နှင့် ပတ်သက်၍ အငြင်းပွားမှု ရှိခဲ့သည့်အတွက် ယင်းကဲ့သို့ စာတင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ကချင် ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်းက“ကျနော်တို့ကတော့ ကြိုတင်မဲကိစ္စတွေ သိချင်တဲ့အကြောင်း မနေ့တုန်းက စာတင်ထားတယ်။ ကျနော်က သိချင်တဲ့ အချက်အလက်ကို မေးထားပါတယ်။ ကြိုတင်မဲ ကိစ္စတွေ ဘယ်လိုလုပ်သလဲ။ ဘယ်အချက်တွေနဲ့ လုပ်သလဲပေါ့။ လူဦးရေ၊ စစ်တပ်က လူဦးရေ၊ အဲဒါတွေ လည်း ဘယ်လိုရှိသလဲလို့ ဒါတွေလည်း သိချင်လို့ပါ”ဟု ဧရာဝတီကို ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ မြစ်ကြီးနားမြို့နယ် အတွင်းရေးမှူး ကိုကျော်ကျော်ဦးကလည်း “ကော်မရှင် ကို မေးတဲ့စာပါ။ တပ်ရဲ့ ကြိုတင် မဲစာရင်းတွေကို အသေးစိတ် သိခွင့် ရခွင့်၊ မရခွင့်ပါ”ဟု ပြောဆိုသည်။
စာတင်ထားသည့် ပါတီ ၃ ခုမှာ ကချင် ဒီမိုကရက်တစ် ပါတီ၊ NLD နှင့် ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီ ပါတီ တို့ ဖြစ်သည်။
ယင်းလစ်လပ် မဲဆန္ဒနယ် အတွက် မဲရုံပေါင်း ၁၁၄ ရုံတွင် မဲပေးခွင့်ရှိသူ ၂၀၃,၂၉၂ ဦးရှိပြီး မဲလာပေးသူ ၆၉,၄၄၃ ရှိ ကြောင်း၊ ဆန္ဒမဲ ပြင်ပရောက် ကြိုတင်မဲ အရေအတွက်မှာ ၃,၀၅၄ မဲနှင့် သက်ဆိုင်ရာ ရပ်ကျေး အလိုက် ပေးသည့် ကြိုတင်မဲမှာ ၂,၇၁၂ မဲရှိကြောင်း မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှ သိရသည်။
“တပ်ရဲ့ကြိုတင်မဲက ကြံ့ခိုင်ဖွံ့ဖြိုးရေး ဘက်ပဲသွားတဲ့ ကိစ္စတွေ ရှိတယ်။ ဒါမျိုး အလားတူ ၂၀၂၀ မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုး ရေး ဘက်ကို သွားမယ်။ တခြားမြို့နယ်တွေလည်း စစ်တပ်တွေ အများကြီးရှိတာပါ။ အမြဲတမ်း ဒီလိုလုပ်နေရင် ကျနော် တို့ ကချင်တွေအတွက် ယှဉ်ပြိုင်ရတာဘာမှ အဓိပ္ပာယ်မရှိဘူး ဖြစ်နေတယ်”ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
မဲပေးမှုအပြီး မဲရလဒ်များ ထွက်သည့်အခါ မည်သည့် ကိုယ်စားလှယ်အနိုင်ရသည်ကို ကျန်ကိုယ်စားလှယ်များက သက်သေ လက်မှတ်ရေးထိုးရသော်လည်း ဝင်ပြိုင်သူ ၆ ဦးအနက် ၃ ဦးသာ လက်မှတ်ထိုးပေးခဲ့သည်ဟု သိရသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ (ကချင်ပြည်နယ်) မှ ဝန်ထမ်း တဦးက“ဒါက ဖြစ်ရိုးဖြစ်စဉ်တွေပဲ။ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေမှာပါထားပြီးသား။ ညနေ မဲရလဒ် ထွက် လာတဲ့အခါမှာ အများရှေ့မှာ သက်သေလက်မှတ်ထိုးတဲ့အခါမှာ မထိုးရင် ပျက်ကွက်သူရဲ့တာဝန် ဖြစ်တယ်ဆိုတာ ဥပဒေမှာ ပါထားပြီးသားပါ။ အဲဒီတော့ ရွေးကောက်ပွဲဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။
အသိသက်သေ လက်မှတ်မထိုးသူများမှာ ဦးကွမ်ဂေါင်အောင်ခမ်း (ကချင်ဒီမိုကရက်တစ်ပါတီ)၊ ဒေါ်ယမ်ခေါရ် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) နှင့် ဒေါ်အမ်ဒီခေါညွယ် (ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီ) တို့ ဖြစ်ပြီး ကျန် ကိုယ်စားလှယ်လောင်းများ လက်မှတ် ထိုးထားသည်။
တပ်က ပေးသည့် ကြိုတင်မဲများမှာ မဲရလဒ် အပြောင်းအလဲဖြစ်နိုင်သည့် အချိန်မျိုးတွင် ရောက်ရှိလာခြင်းသည် ကော်မရှင် အပေါ် ယုံကြည်မှု လျော့ကျစေသည်ဟု အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြလျက်ရှိပြီး ၎င်းကြိုတင် မဲကိစ္စအပေါ် ကချင်အရပ်ဘက် အဖွဲ့အစည်းများကလည်း မေးခွန်းထုတ်လျက် ရှိသည်။
ကချင် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက် တာဝန်ခံ နိန်လီခေါန်က “အချက်သုံးချက်လောက် မေးချင်တယ်။ ကြိုတင်မဲ ပေးတဲ့နေ့က ဘယ်နေ့ဆိုတာ မြစ်ကြီးနားမှာ ကြေညာခဲ့သလား။ မြစ်ကြီးနားက မဲရုံတွေကို ကြေညာထားသလား။ ကြိုတင်မဲပေးမယ့် မဲစာရင်းကတော့ဖြင့် ဘယ်သူတွေပါဆိုပြီး ကြေညာထားတာရှိသလား။ ပြီးရင် ရက်တွေကို ကြေညာ ထားတာ ရှိသလား။ ကြိုတင်မဲပေးတဲ့ ကိစ္စမှာ ဘယ်သူက တာဝန်ခံပြီး ဘယ်သူကလုပ်တာလဲ။ ရွေးကောက်ပွဲ ကော် မရှင် ကကော အဲဒီမှာ ကြီးကြပ်မှုလာလုပ်နိုင်သလား။ ဒါမှမဟုတ် တပ်ကပဲ သူ့ဘာသာသူ သယ်လာသလား။ ကျမတို့ ဒါတွေ သိဖို့လိုတယ်”ဟု ပြောသည်။
ကချင် တမျိုးသားလုံးအတွက် လူငယ် သမဂ္ဂ ဥက္ကဋ္ဌ ဦးလွန်းဇောင်း ကလည်း“ကော်မရှင်အနေနဲ့ ဒါကို တာဝန်ယူ၊ တာဝန်ခံမှုရှိရလိမ့်မယ်။ အဲ့ဒီညမှာပဲ ကျနော်တို့ ခရိုင် ရွေးကောက်ပွဲကော်မရှင်နဲ့ ပြောတဲ့အချိန်မှာ သူ့ဘက်က စကားထွက်လာတာက တပ်ဘက်က ကြိုတင်မဲကိစ္စတွေကို တိတိကျကျ ဖြေရှင်းဖို့ သူ့ဘက်က အခွင့်မရှိဘူးလို့ ပြောခဲ့တယ်။ ဒါကြောင့်မို့ ကျနော်တို့ ကြိုတင်မဲကိစ္စအပေါ်မှာ တပ်မတော်သားတွေဟာ သူတို့ကိုယ်တိုင်ဆန္ဒအရ ထည့်ခဲ့သလား။ ဒါမှမဟုတ် သူတို့ ကိုယ်တိုင်လက်မှတ်ထိုးပြီးမှ တကယ်ထည့်ခဲ့သလား။ နောက် အမှန်တကယ် စာရင်းတွေရော ဟုတ်သလား ဆိုတဲ့ဟာတွေက သံသယဖြစ်ဖွယ် ဖြစ်တယ်”ဟု ပြောဆိုသည်။