ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု စီးလာသော ကားမှာ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်က မြောက်ဦးမြိုပေါ် ဆင်ချဆိပ်ရပ်ကွက်ရှိ တံတားတစင်းပေါ်သို့ အရောက်တွင် အောက်သို့ ထိုးကျသွားကြောင်း သတင်းရရှိသည်။
နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) လက်မှတ်ထိုးပွဲ သွားရောက်ပြီး စစ်တွေမြို့အပြန်လမ်းတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးကျော်ခင်က ဧရာဝတီသို့ ပြောသည်။
ဦးကျော်ခင်က “ဒရိုင်ဘာ (ယာဉ်မောင်း) အိပ်ငိုက်လို့ ကားထိုးကျသွားတာပါ။ နေပြည်တော်သို့ ကျောက်ဖြူ SEZ လက်မှတ်ထိုးပွဲကို သွားတက်တာပါ။ မနေ့က ညနေ ပိုင်း ၇ နာရီလောက်မှာ နေပြည်တော်ကနေ ပြန်လာတယ်။ တညလုံး ညမအိပ်ဘဲ မောင်းတော့ အိပ်ငိုက်ပြီး တံတားအောက်ကို ထိုးကျသွားတာပါ” ဟု ပြောသည်။
အဆိုပါ ကားပေါ်တွင် ဝန်ကြီးချုပ် ဦးညီပု၊ ကိုယ်ရေးအရာရှိ ဦးကျော်ခင်နှင့် ယာဉ်မောင်း ကိုအောင်သန်းတို့ ၃ ဦးသာ ပါရှိပြီး ကားကိုယ်ထည်ပိုင်း အနည်းငယ် ပျက်စီးသွားသော်လည်း လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လက်ရှိ အချိန်တွင် ဝန်ကြီးချုပ် ဦးညီပုမှာ ရုံးတက်နေပြီ ဖြစ်ကြောင်း သိရသည်။