ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် အသက် ၂၃ နှစ်အရွယ် အင်ဂျင်နီယာဘွဲ့ရ အမျိုးသမီးငယ်တဦး နေအိမ်တွင် မိမိကိုယ်ကို ကြိုးဆွဲချသတ်သေမှုတရပ် ယနေ့ (နိုဝင်ဘာလ ၉ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ ဆယ်ကြီးလမ်းနေ မလွင်သက်မွန် (အသက် ၂၃ နှစ်) ဖြစ်ပြီး ၎င်း၏ မိသားစုပြဿနာများကို အကြောင်းပြု၍ နေအိမ်ထုပ်တန်းတွင် ပလပ်စတစ်ကြိုးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချသတ်သေခဲ့ခြင်း ဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့ နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရသည်။
ငါးသိုင်းချောင်းမြို့ နယ်မြေစခန်းမှ ယာယီစခန်းမှူး ဒုရဲအုပ် အောင်မျိုးလွင်က “ကျနော်တို့ ရောက်တဲ့အချိန်မှာ ကောင်မလေးက ပလပ်စတစ်ကြိုးနဲ့ အိမ်ထုပ်တန်းမှာ ကြိုးဆွဲချ သေဆုံးနေတာ တွေ့ရတယ်။ ဒဏ်ရာတွေ အနေအထား ကြည့်ရာမှာလည်း ကြိုးဆွဲချ သေဆုံးတဲ့ဒဏ်ရာတွေ တွေ့ရပါတယ်။ မိသားစုဆိုင်ရာ အိမ်တွင်းရေးကိစ္စကြောင့် အခုလို လုပ်သွားတယ်လို့ ယူဆရတယ်”ဟု ဧရာဝတီကို ပြောသည်။
သေဆုံးသူ အလောင်းတွင် လည်ပင်းညိုမည်းဒဏ်ရာ တွေ့ရပြီး လက်နှစ်ဖက်စလုံး လက်သီးဆုပ်ထားကာ ပါးစပ်အတွင်းမှ သွားရည်များ စီးကျနေသည့်အတွက် မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက် ချထားသည်။
ကြိုးဆွဲချသေဆုံးနေသည့် နေရာအနီးတွင် မသေဆုံးမီ ၎င်းရေးသားသည့်စာတွင် မိမိချစ်သူထက် မိသားစုကို ချစ်သည့်အတွက် ချစ်သူနှင့် ခွဲခွာနေခြင်းဖြစ်ကြောင်း၊ မိမိလေ့လာမှုအတွက် ဖုန်းဘေလ် အသုံးများသွားခြင်း ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းသည့်အတွက် စာရင်းမပြည့်စုံသည်ကို နားလည်ပေးရန်၊ မိမိကိုယ်ကျင့်တရားကို ယုံကြည်ပေးရန်နှင့် မိမိအပေါ် မိဘနှစ်ပါးအနေဖြင့် ခွင့်လွှတ်ပေးပါရန်ဟု ပါရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မလွင်သက်မွန် သေဆုံးမှုနှင့် ပတ်သက်၍ ငါးသိုင်းချောင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးလွင်က တရားလိုပြုလုပ်ကာ သေမှုသေခင်းဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ မြင်းချောင်းကျေးရွာတွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ခင်ပွန်းဖြစ်သူမှ စွန့်ပစ်သွားသည့်အတွက် အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချသတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။