ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ လောင်စာဆီများရောင်းချသည့် ဆီဆိုင်တန်းနေရာတွင် ယနေ့ (နိုဝင်ဘာလ ၁၂ ရက်) နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ ဆီဆိုင်တန်းမှာ ပေါက်တောမြို့ပြင် ကားဂိတ်အနီးတွင် တည်ရှိကာ စတင် လောင်ကျွမ်းမှု ဖြစ်ပွားသည့် စက်သုံးဆီဆိုင်မှ အခြားဆိုင်များသို့ ကူးစက်မှု မရှိသေးကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ပြည်နယ်မှူးဖြစ်သူ ဦးသော်ဒါက “အခု မီးငြိမ်းသတ်နေတုန်းပါခင်ဗျ။ ပြီးမှ အတိအကျ ထုတ်ပြန်ပါမယ်။ မီးလောင်မှု ဖြစ်ပွားတာ ဆီဆိုင်တဆိုင်တည်းပါ ။ တခြားဆိုင်တွေကို ကူးစက်လောင်ကျွမ်းမှု မရှိဘူး” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားနေပြီး သက်ဆိုင်ရာ အစိုးရဌာနများနှင့် မြို့ခံများ ပူးပေါင်းကာ ငြိမ်းသတ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။