ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ် ၈ ရပ်ကွက်တွင် ကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများ ဖောက်ထွင်းခံရမှု နိုဝင်ဘာလ ၁၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မြောင်းမြမြို့၊ အမှတ် ၈ ရပ်ကွက်၊ မြဂုဏ်ရည်လမ်းနှင့် ဗောဓိပင်လမ်းထောင့် အိမ်အမှတ် ၁ တွင်နေထိုင်သည့် ကြက်မွေးမြူရေးလုပ်ကိုင်သူ ဦးသန်းဌေးမှာ ဇနီးဖြစ်သူ အပါအဝင် မိသားစုဝင်များနှင့်အတူ နိုဝင်ဘာလ ၉ ရက်က ရန်ကုန်သို့ ဆေးကုသွားပြီးနောက် နိုဝင်ဘာလ ၁၂ ရက်တွင် နေအိမ်သို့ ပြန်လာစဉ် နေအိမ်အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာ ရိုက်ချိုးဖျက်ဆီးခံထားရပြီး အတွင်းရှိ ရွှေထည်နှင့် ငွေများ ဖောက်ထွင်းခိုးယူခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ဖောက်ထွင်းခံရမှု စုစုပေါင်းတန်ဖိုးက သိန်း ၁၉၀၀ ကျော်တယ်။ သူတို့က ၉ ရက်နေ့မှ ရန်ကုန်ကို ဆေးခန်း သွားပြတယ်။ ၁၂ ရက်နေ့မှာ ပြန်လာတဲ့အချိန်မှာ အိမ်ထဲမှာရှိတဲ့ မီးခံသေတ္တာကို ရိုက်ပြီးတော့ ဖွင့်ထားတဲ့ အနေအထားတွေ့ရပြီး အထဲက ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားတွေ ဖောက်ထွင်းထားတာ တွေ့ရတယ်”ဟု ဧရာဝတီကို ပြောသည်။
ဖောက်ထွင်းခိုးယူခံရသောပစ္စည်းများမှာ အကယ်ဒမီတံဆိပ်ပါ တတုံးလျှင် ၁၀ ကျပ်သားရှိ အခေါက်ရွှေ ၁၅ တုံး၊ ရွှေချိန် ၄၀ ကျပ်သားခန့်ရှိ လက်ဝတ်ရတနာမျိုးစုံနှင့် ငွေသား ၂၄ သိန်းတို့ ဖြစ်ပြီး ဖောက်ထွင်းခံရသည့် စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၁၉၀၆ သိန်း ၅ သောင်းကျပ် ရှိသည်ဟု သိရသည်။
လတ်တလောတွင် ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ မြောင်းမြမြို့နယ် မြို့မခရဲစခန်းတွင် ဖောက်ထွင်းခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၄၅၇ အရ အမှုဖွင့်ထားသည်။