ဝန်ကြီးချုပ် (ဟောင်း) ဦးရဲမြင့် ခေါင်းဆောင်သည့် မန္တလေးတိုင်းအစိုးရအဖွဲ့က လက်ရှိအစိုးရထံ ပေးသွင်းရမည့် ဒေသဖွံဖြိုးရေးရန်ပုံငွေများအား ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုမည်ဟု တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။
ယခင်တိုင်းအစိုးရက ပေးသွင်းရန် ကျန်နေသေးသည့် ကျပ်သန်း ၃၃၄၀ ကျော်အား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် မတ်လကုန်အထိ လေးရစ်ခွဲ၍ အပြီးပေးသွင်းရမည်ဖြစ်ကာ လက်ရှိတွင် နှစ်ရစ် သွင်းထားပြီးပြီ ဖြစ်သည်။
ဝန်ကြီး ဦးမြတ်သူက “အားလုံးတရားဝင်ရလာပြီးတဲ့အခါ ကတ်ဘိနက် (အစိုးရအဖွဲ့) အဆုံးအဖြတ်နဲ့ တိုင်းဒေသကြီးမှာ ဘယ်နေရာ၊ ဘယ်ဒေသ ဘယ်လုပ်ငန်းမှာ ဦးစားပေးသုံးစွဲမယ်ဆိုတာ ဆုံးဖြတ်ပြီးမှ သုံးစွဲမှာဖြစ်တယ်။ လောလောဆယ်မှာတော့ ဘယ်လုပ်ငန်းကို ဦးစားပေး ဆုံးဖြတ်မယ်ဆိုတာမျိုးတော့ မလုပ်ထားသေးပါဘူး၊ ဘယ်လိုကဏ္ဍမှာ အသုံးပြုသွားမယ်ဆိုတာကို တရားဝင် ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။
ယခင် တိုင်းအစိုးရအဖွဲ့လက်ထက် ၅ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရံပုံငွေစာရင်းများဆိုင်ရာ စာရင်းများကို စစ်ဆေးခဲ့ရာ ငွေကျပ်သန်း ၃၃၄၀ ကျော် ပေးသွင်းရန် ကျန်ရှိနေခြင်း ဖြစ်သည်။
ပေးသွင်းရန် ကျန်ရှိသည့် ငွေစာရင်းများတွင် ဘဏ်တွင် အပ်ထားသည့် ရန်ပုံငွေများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ထုတ်ချေးငွေများ၊ မီးလင်းရေးချေးငွေ၊ ကျောင်းများသို့ ချေးငွေ၊ ကျေးလက်ဒေသများသို့ ဖုန်းဆင်းကတ် အရစ်ကျရောင်းရငွေ စသည်တို့ ပါဝင်သည်။
ထို့ပြင် မီးလောင်သွားသည့် ပျော်ဘွယ် မြို့မဈေး တည်ဆောက်ရန် ထုတ်ပေးထားသော်လည်း စာရင်းရှင်းလင်းထားမှု မရှိသေးသည့် မတည်ရင်းနှီးငွေများလည်း ပါဝင်ကာ ပုဂ္ဂလိက ကုမ္ပဏီတခုအား မြေဧက ၄၆ ဧကကျော် အခမဲ့ ချထားပေးခြင်း ကိစ္စများလည်း ရှိသေးသည်။
လက်ရှိ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ဒီစစ်ဆေးချက်က နိုင်ငံတော် စာရင်းစစ်ချုပ်က တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကို စစ်ခိုင်းလို့ စစ်ပြီးပြီ။ ရရှိလာတဲ့ဟာတွေကို ရှင်းလင်းပေးရမှာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်၊ ပြည်သူ့ဘဏ္ဍာငွေတွေ၊ ပြည်သူ့ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့အတွက် တာဝန်ယူမှုတော့ ရှိရပါမယ်” ဟု ဆိုသည်။