သတင်းတို

ကျောက်ဆည် GTI ကျောင်းသား အသတ်ခံရမှု သေဒဏ်နှင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်

ကျောက်ဆည် အစိုးရ စက်မှု လက်မှု သိပ္ပံ(GTI) နောက်ဆုံးနှစ် ကျောင်းသား အသတ်ခံရမှုတွင် ကျူးလွန်သူများအား သေဒဏ်နှင့် နှစ်ရှည် ထောင်ဒဏ်များ ကျခံစေရန် ကျောက်ဆည် ခရိုင် တရားရုံးက ယနေ့ အမိန့် ချမှတ် လိုက်သည်။

အခင်း ဖြစ်စဉ်တွင် ဓားနှင့်ထိုးသူ အောင်ဟိန်းသူအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁) (ဂ)ဖြင့် သေဒဏ် ချမှတ်ခဲ့ ခြင်း ဖြစ်ပြီး အလီဘိုင်(ခ)မင်းခန့်ကျော်အား ပုဒ်မ ၃၀၂(၁)(ဂ)/၁၁၄၊ ပုဒ်မ ၃၂၃ တို့ အရ ထောင်ဒဏ်၂၁ နှစ်နှင့် မင်း ချစ်အောင်(ခ)ဖိုးချစ်အား ပုဒ်မ ၃၀၂(၁)(ဂ)/၁၁၄ အရ ထောင်ဒဏ် နှစ် ၂၀ အသီးသီ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရား လို ရှေ့နေ ဦးသူရထွန်းက ပြောသည်။

ဦးသူရထွန်းက“မှန်တယ် မှားတယ် ဆိုတာထက် တရားလိုဘက်ကတော့ ကျေနပ်မှု သိပ်မရှိဘူးပေါ့။ လျှောက်လဲချက် ပေးပြီး ၁၅ မိနစ် နေတော့ အမိန့်တန်း ချသွားတယ်။ ကျနော်တို့ရဲ့ လျှောက်လဲချက်တွေကို ဘယ်လောက် အထိ ထည့်သွင်း စဉ်စားခဲ့လဲလို့ မေးစရာ ရှိတယ်။ အမိန့်ချခံရတဲ့ သူတွေဘက်ကလဲ အယူခံ ထပ်တက်မယ်လို့ ကြားတယ်” ဟု ပြောသည်။

သေဆုံးသူ ကိုနေမင်းထက်သည် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၉ ရက် ည ၁၀ နာရီခန့်တွင် သူငယ်ချင်း တဦးနှင့် ဆိုင် ကယ် စီးနင်းလာရာမှ ဝိုင်းဝန်း ထိုးကြိတ်ခံရကာ ဓားဖြင့် အထိုးခံရသည့် အတွက် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ် အတွင်း ကိုနေမင်းထက်နှင့် သူငယ်ချင်း ဖြစ်သူတို့ ဝိုင်းဝန်ထိုးကြိတ်ခံရသည့် CCTV မှတ်တမ်း ဗီဒီယိုဖိုင် တခု သည်လည်း လူမှု ကွန်ရက်တွင် ပျံနှံ့ခဲ့ပြီး ဝေဖန် မှတ်ချက်ပေးသူ များပြားခဲ့သည်။

၎င်းသေဆုံးမှု ဖြစ်စဉ် အတွင်း အမှုမှန် ပေါ်ပေါက်ရေး အတွက် ကျောင်းသား သမဂ္ဂများက ကြေညာချက်များ ထုတ်ပြန် ကာ တောင်းဆိုကြသည့် အပြင် တရားရုံးသို့ တက်ရောက် ဝန်းရံမှုများလည်း ပြုလုပ်ခဲ့ကြသည်။

Loading