နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ သုံးပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံနိုင်ဖွယ် ရှိ ကြောင်း သိရသည်။
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တခုကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၁-၂၂ ရက်တို့တွင့် နေပြည်တော်၌ ကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ KNU ဥက္ကဌ စောမူတူးစေးဖိုးတို့ တက်ရောက်၍ မိန့်ခွန်းပြောကြမည်ဖြစ်သည်။
KNU မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က “အနီးဆုံး ခေါင်းဆောင်တွေ စုဝေး တက်ရောက်တဲ့ ပွဲကြီး တပွဲဆိုတော့ သူတို့ တွေ့ကြမှာပဲလေ၊ တွေ့ပြီးတော့ မူလ ဒီပွဲရဲ့ ရည်ရွယ်ချက်ရယ် တခြား အလင်းသင့်ရင် အလွတ် သဘော တွေ့ရင်လည်း တွေ့နိုင်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ခေါင်းဆောင် ၃ ဦးအကြား အလွတ်သဘော တွေ့မှု ဖြစ်မြောက်ခဲ့ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ဆို့မှုဖြစ်ပွားနေသော အခြေအနေများ ကောင်းမွန်လာနိုင်ကြောင်း ၎င်းက ပြောသည်။
အစိုးရ၊ တပ်မတော်ထိပ်သီး ခေါင်းဆောင်များနှင့် KNU ဥက္ကဌတို့ အလွတ်သဘော တွေ့ဆုံ နိုင်ခြေ ရှိ/မရှိ အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ငြိမ်းချမ်းရေးကော်မရှင်(PC) မှ ဦးအောင်စိုး တို့ထံ ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပါ။
KNU သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
သို့သော် နိုဝင်ဘာ ၁၀ ရက်က NCA စာချုပ်မှ ဖြစ်ပေါ်လာသော တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် နိုဝင်ဘာလအတွင်း ဆောင်ရွက်မည့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး အပါအဝင် NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့နှင့် မထိုးရ သေးသည့် လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး ဆွေးနွေးပွဲတို့ မကျင်းပနိုင်ဘဲ ဖြစ်နေသည်။
အလားတူ နောက်ထပ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပ နိုင်ရေးကိုလည်း မဆောင်ရွက်နိုင်ပဲ ဖြစ်နေသည်။
KNU သည် နိုင်ငံရေးပြဿနာကို လက်နက်ကိုင် နည်းလမ်းဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းသော နည်းလမ်း ဖြင့် ဖြေရှင်းရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စ၍ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို လုပ် ဆောင် လာခဲ့ကာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် သွားမည်ဟု နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ချက်မှာ ဆိုထားသည်။
ထို့နောက် အဖွဲ့အစည်း တခုလုံး တညီတညွတ်တည်း ပါဝင်ရန် လုံလောက်သည့်ကာလတခုကို ရယူရန် လိုအပ် သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ် ဆိုင်း ထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှ တဆင့် ဆွေးနွေး အဖြေရှာသွားမည်ဟုလည်း ထို ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။