ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် ကုသိနာရုံ ဗျာဒိတ်ပေးဘုရားကြီး ပင့်ဆောင်ပူဇော်ပွဲတွင် ပေါက်မဲကျသည့် ရဟန္တာရုပ်ပွားတော်အား ပင့်ဆောင်ပူဇော်စဉ် လျှပ်စစ်မီးကြိုးနှင့် ချိတ်မိသဖြင့် ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ လှည်းစုအတွင်းလမ်းမှ ဒေသခံများမှာ ကုသိနာရုံ ဗျာဒိတ်ပေး ဘုရားပွဲတွင် ပေါက်မဲကျသည့် ရဟန္တာရုပ်ပွားတော်အား နိုဝင်ဘာ ၂၁ ရက်နေ့က သံဖြင့်ပြုလုပ်ထားသော ပြဿာဒ်ဖြင့် ပင့်ဆောင်ပူဇော်လာစဉ် ပြဿာဒ်ထိပ်ဖျားမှာ ရပ်ကွက်အတွင်း သွယ်ထားသော ကောင်းကင်မီးကြိုးနှင့် ချိတ်မိပြီး ရပ်ကွက်နေ ကိုဇင်မျိုးထိုက် (၂၆ နှစ်) ကို ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုးအောင်က “ရဟန္တာပင့်ဆောင်တဲ့ပြဿာဒ်က သံဖရိန်နဲ့ လုပ်ထားတာဖြစ်တယ်။ ရဟန္တာရုပ်ပွားတော်ကို ကားပေါ်ကနေ ယာယီစံကျောင်း မဏ္ဍပ်ထဲကို ပင့်ဆောင်ရာမှာ ပြဿာဒ် ထိပ်ဖျားနဲ့ မီးကြိုးနဲ့ ချိတ်မိပြီး ဓာတ်လိုက်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်လိုက်တဲ့အတွက် ကိုဇင်မျိုးထိုက်က အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ကိုဇင်မျိုးထိုက် (၂၆) နှစ် သေဆုံးမှုအား ပုသိမ်နယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၈ ဖြင့် ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကုသိနာရုံ ဗျာဒိတ်ပေးဘုရားပွဲတော်အား နှစ်စဉ်တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိပြီး ပုသိမ်မြို့ခံများမှ ရပ်ကွက်အလိုက် ရဟန္တာရုပ်ပွားတော်များ ပင့်ဆောင်၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များအား ဆွမ်းလောင်းလှူခြင်းများပြုလုပ်ကာ ရပ်ကွက်နေဒေသခံများ စုပေါင်းဒါနပြုလုပ်ကြသည့် ဘုရားပွဲတော်တစ်ခု ဖြစ်သည်။