ကချင်ပါတီ ၃ ခု ပါဝင်သည့် ကချင် ပေါင်းစည်းပါတီ (Kachin State Party-KSP) သည် ယနေ့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်သို့ မှတ်ပုံတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ကချင် ဒီမိုကရက်တစ် ပါတီ(KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်းက “ရွေးကောက်ပွဲကော်မရှင်ကို ဒီနေ့ပဲ တင်လိုက်တာပါ။ ကျနော် တို့ ပထမဦးဆုံးက ပေါင်းစည်းမယ်ဆိုတဲ့ဟာကို ကော်မရှင်ကို တင်ရပါတယ်။ ကော်မရှင် အနေနဲ့ကလည်း ခွင့်ပြု ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကချင်ပါတီ ပေါင်းစည်းရေး၌ ကချင် ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP)၊ စည်းလုံး ညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကချင်ပြည်နယ် (UDPKS) တို့မှ ခေါင်းဆောင်များက KSP ကို သြဂုတ် (၁၁)ရက် အစည်းဝေး ၌ သဘောတူ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဦးအောင်ခမ်းက“အခုလို ပေါင်းရတဲ့ ရည်ရွယ်ချက်အနေနဲ့ကတော့ ပါတီ တခုတည်း ဖြစ်လာပြီဆိုရင် ပြည်သူတွေရဲ့ ယုံကြည် မှု လည်း ရှိလာမယ်။ မဲလည်း ပြန့်မသွားတော့ဘူး။ ကချင်ပြည်သူတွေအတွက် အားကိုးရာ ပါတီကြီး တခုလည်း ဖြစ်သွား မယ်။ ပြည်သူ့ အင်အား စုစည်းတဲ့ သဘောပါ”ဟု ဆိုသည်။
ထိုသို့ မှတ်ပုံတင်ရန် အတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်ပါတီ တခုလျှင် အဖွဲ့ဝင် ၆ ဦးဖြင့် လူထု ကိုယ်စား ပြု ၁၈ ဦး ပါတီဝင်များ၊ လူထု ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး ပေါင်းစည်း ပါတီ၏ နာမည်ကို KSP အဖြစ် ပါတီ အလံ ကိုလည်း သဘောတူ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
မူလက ကချင်ပါတီ ၄ ခု ပေါင်းစည်းရန် သဘောတူခဲ့သော်လည်း ကချင် အမျိုးသား ကွန်ဂရက် KNC ပါတီ အနေနှင့် ဖျက်သိမ်းရန် မဖြစ်နိုင်သဖြင့် ပါဝင်ခြင်း မရှိကြောင်း KNC ၏ အထွေထွေ အတွင်းရေးမှူး ဦးလန်းယော်က ဆိုသည်။
“အဓိကက ကျနော်တို့ ပါတီ ဖျက်လို့ မရလို့။ ကျနော်တို့ အစက ပြည်သူတွေ ရှေ့မှာ ပေါင်းစည်းရေးမှာ ပါမယ်လို့ ပြောခဲ့ တယ်။ ကျနော်တို့ သွားနေတဲ့ အခြေခံမူနဲ့ ပေါင်းစည်းရေး ပါတီနဲ့က အဆင်မပြေတာတွေ ရှိတဲ့ အတွက်ကြောင့်မို့ ဖြစ် တယ်။ ဒါပေမယ့် အခြေခံမူတွေ မတူပေမယ့် ကချင် အမျိုးသားရေးကို လုပ်မယ် ဆိုရင် KNC က အားလုံးနဲ့ ပူးပေါင်း သွားဖို့ ရှိ တယ်”ဟုလည်း ၎င်းက ပြောသည်။
ယခု မှတ်ပုံတင်ပြီးသည့် အချိန်တွင် ယာယီ ဦးဆောင် ကော်မတီကို ၂၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းကော်မတီသည် ညီလာခံ ကျင်းပမည့် အချိန်အထိ တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။